အင်းတော်ကြီးဒေသက တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်နေရ၊ စစ်ကောင်စီစစ်ကြောင်းတွေ ဖားကန့်ဘက်ကို ဦးတည်နိုင်တယ်လို့ ယူဆကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

အင်းတော်ကြီးဒေသက တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်နေရ၊ စစ်ကောင်စီစစ်ကြောင်းတွေ ဖားကန့်ဘက်ကို ဦးတည်နိုင်တယ်လို့ ယူဆကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖားကန့်ဘက်ကို ဦးတည်သွားဖို့ ယူဆရတဲ့အခြေအနေတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အင်းတော်ကြီး၊ နန့်မွန်းဘက်မှာ မနေ့ မနက်ကနေ တိုက်ပွဲဖြစ်ပွားတာကို သိရတယ်။ သတင်း အပြည့်အစုံကိုတော့ မကြားရသေးဘူး။ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ အဲဒီ စစ်ကြောင်းတွေက ဖားကန့်ဘက်ကို ထိုးတက်မယ့်အခြေအနေရှိတယ်လို့ ယူဆရတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက သူ့ယူဆချက်ကို ပြောပါတယ်။

KIA တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာဘက်မှာ ဇူလိုင် ၁၄ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ကျေးရွာနဲ့ နီးစပ်ရာဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ TV အစီအစဉ်ရဲ့ ထုတ်လွင့်ချက်ကနေလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းကနေ KIA တပ်မဟာ ၉ ဒေသ တပ်ရင်း ၆ နယ်မြေနဲ့ တပ်ရင်း ၂၆ နယ်မြေတွေဘက်မှာ တိုက်ပွဲ ဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိနေတာဖြစ်ပြီး တစ်နေ့ထက် တစ်နေ့ တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ ပြောပါတယ်။

ဖားကန့် မော်ဝမ်းလေးနဲ့ မော်ဝမ်းကြီးကျေးရွာဘက်မှာလည်း မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီက ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာကြောင့် ကျေးရွာတွေထဲ လက်နက်ကျည် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ထုတ်လွင့်ချက်မှာ ပြောဆိုထားပါတယ်။

အခုလို အင်းတော်ကြီးဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် အင်းတော်ကြီး -ဝှေခါလမ်းလည်း ပိတ်ဆို့မှုတွေ ရှိနေသလို ကားအတက်အဆင်းတွေလည်းမရှိဘူးလို့ နီးစပ်ရာ ဒေသခံတွေထံက သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကုန်ပိုင်းက အင်းတော်ကြီးဒေသမှာရှိတဲ့ ညောင်ပင်၊ ချောင်းဝနဲ့ ဝှေလုံကျေးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီကတည်းက ရှမ်းနီ SNA တပ်တွေလည်း နန့်မွန်းမြို့မှာ တပ်စွဲ ဝင်ရောက်နေထိုင်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ခဲ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...