ရန်ကုန်မှ မိမိနေရပ်စစ်တွေသို့ ပြန်လာသည့်စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီနှင့် ရဲများက ဖမ်းဆီးငွေညှစ်

ရန်ကုန်မှ မိမိနေရပ်စစ်တွေသို့ ပြန်လာသည့်စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီနှင့် ရဲများက ဖမ်းဆီးငွေညှစ်

ရန်ကုန်မှ မိမိနေရပ်စစ်တွေမြို့သို့ ပြန်လာကြသည့်စစ်ရှောင်တချို့ကို စစ်ကောင်စီတပ်နှင့် ရဲတို့မှ ဖမ်းဆီး ငွေညှစ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

မြို့ခံတစ်ဦးက “စစ်တွေလေဆိပ်ကို ဝင်တာနဲ့ မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင်က နှစ်ကြာတော့ အရောင်မှိန်ပြီး ဝါးနေတာတွေ ရှိတယ်။ အဲ့ဒီလူတွေကို ဖမ်းတယ်။ တခြားငွေညှစ်လို့ရမဲ့ သူတွေကိုဆိုရင်လည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းတယ်။ မသင်္ကာတဲ့လူကို ပိုစစ်တယ်။ သူတို့က မယုံတဲ့သူဆိုရင် တခါထဲဖမ်းပြီး အမှတ် (၁) မြို့မရဲစခန်း ခေါ်သွားတယ်" ဟု ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့်  စစ်တွေမြို့မှ ရန်ကုန်သို့ စစ်ဘေးရှောင်သွားသည့် စစ်တွေမြို့ခံများသည် 

ရန်ကုန်တွင် အလုပ်အကိုင်အဆင်မပြေ၊ အခက်ခဲကြုံလာ၍ မိမိမြို့သို့ ပြန်လာချိန်တွင် ယခုလို ပြဿနာမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

တချို့ မသင်္ကာသူများထံက ငွေကြေး အများအပြားတောင်းဆိုပြီး ဒေသခံတစ်ဦးမှာ ကျပ်ငွေ သိန်း ၄၀ နီးပါးပေးပြီးမှ ပြန်လွတ်လာခဲ့သည်ဟု လွတ်မြောက်လာသူတစ်ဦး၏ ဆွေမျိုးတစ်ဦးက နိရဉ္စရာကို ပြောသည်။

“၄၀ နီးပါးထိ တောင်းတာ။ မပေးရင်မလွတ်ဘူး။ ဒါတောင် မြို့ခံမို့လို့ ပိုက်ဆံပေးနိုင်တာ။ မရှိရှိတဲ့ကြားကနေ။ နောက်ထပ်အဖမ်းခံရတဲ့ ပိုက်ဆံမတတ်နိုင်တဲ့သူ၊ နယ်ကသူဆိုရင် အချုပ်ခန်းထဲမှာဘဲရှိသေးတယ်” ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်မှစစ်ရှောင်လာသူတချို့ကို စစ်သားနှင့် ရဲများက ရပ်ကွက်အလိုက် နေအိမ်အထဲထိ ဝင်ရောက်ကာ စစ်ဆေးမှုများလည်းရှိသည်ဟု စစ်ဆေးခံရသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“နေအိမ်ထဲကိုလာပြီး စစ်သေးတယ်။ လေဆိပ်မှာ အကုန်စစ်တယ်။ ဘယ်ရပ်ကွက်မှာနေတာ။ ဘာလို့ပြန်လာတာ။ ဘာလို့ ရန်ကုန်ကိုစစ်ရှောင်တာကအစ။ သူတို့ဆီမှာ စာရင်းရှိတယ်။ စစ်တွေက ထွက်သွားသူတွေရဲ့ စာရင်းတွေ ဒီလိုပြောတာ” ဟု ပြောသည်။

စစ်တွေလေဆိပ်တွင် မြို့ကိုစွန့်ခွာပြီး သွားသူများအထဲက မသင်္ကာသည့်သူများကို အမည်နှင့်တကွ ဓာတ်ပုံများ ကပ်ထားသည်ဟုလည်း မြို့ခံများက ပြောသည်။

လုံခြုံရေး တိုးမြှင့်ထားသည့် စစ်တွေမြို့ထဲတွင် စစ်ကောင်တပ်နှင့် ပူးပေါင်းကာ (ALP) တပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင်များလည်း ဧည့်စာရင်းစစ်ဆေးမှုများလည်း နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း စစ်တွေမြို့ပြင်နှင့် အနီးအနားကျေးရွာနေရာများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပြီး လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ (၂၉) ရက်နေ့တွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုရီးယာဆိပ်ကမ်း ပျံကျဈေးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား ၁၂ ယောက် သေဆုံးခဲ့ပြီး  အပြင်းစားဒဏ်ရာရသူ ၃၁ ယောက်နဲ့ အသေးစား၊ အလတ်စား ဒဏ်ရာရသူ ၅၀ နီးပါး ရှိခဲ့သည်။ 

ယင်းနောက်ပိုင်းမှစ၍ စစ်တွေမြို့ခံ လေးပုံသုံးပုံခန့်မှာ ပြည်မဖက်သို့ စစ်ရှောင်ထွက်ခဲ့ကြကြောင်း သိရသည်။

ယခု ၂၀၂၅ နှစ်ထဲတွင် ရန်ကုန်တွင် စစ်ရှောင်နေသည်မှာ အိမ်ငှားခစရိတ် မြင့်တက်ခြင်း၊ အလုပ်အကိုင်မရှိခြင်း အပြင် စစ်ကောင်စီထံ ရခိုင်လူငယ်/လူလတ်ပိုင်းအရွယ်များ ဖမ်းဆီးခြင်းများရှိလာသည့် အတွက် မိမိမြို့တော် စစ်တွေသို့ ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...