ရိခေါဒါရ်မြို့တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် စစ်ဘေးရှောင် ၃၀၀၀ ကျော်ဝင်ရောက်ခိုလုံ

ရိခေါဒါရ်မြို့တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် စစ်ဘေးရှောင် ၃၀၀၀ ကျော်ဝင်ရောက်ခိုလုံ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့တွင် CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ရိခေါဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံနေကြရသည်ဟု သိရသည်။

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ကစ၍ ဟွာလ်ငိုးရမ်းဒေသ Satawm, Tuichirh, Lianhna ကျေးရွာတို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီးနောက် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့မှာလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ဇူလိုင်လ ၅ ရက်နေ့က CNO/CNDF တပ်ဖွဲ့က ရိခေါဒါရ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် ရိခေါဒါရ်မြို့အမှတ် ၁ နှင့် အမှတ် ၂ (တီအိုချောင်း) ရပ်ကွက်ကပြည်သူအားလုံးသည် တဖက်ကမ်း မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြရပြီး လက်ရှိတွင် စစ်ဘေးရှောင်အဖြစ် ဝင်ရောက်လာသူအယောက် ၃၀၀၀ ကျော်ရှိသွားပြီဟု မီဇိုရမ်ဘက်က ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံသူထဲက စစ်ဘေးရှောင်တစ်ဦးသည် ချောင်းရေဖြတ်ကူးနေစဉ်တွင် ရေထဲမျောပါပျောက်ဆုံးသွားပြီး ယနေ့ချိန်ထိ အလောင်ရှာမတွေ့ကြသေးကြောင်း သိရသည်။

စစ်ဘေးရှောင်အများစုသည် ဇိုခေါထာရ်ကျေးရွာထဲက ဆွေမျိုး၊ အသိမိတ်ဆွေသူငယ်ချင်းများထံ ခေတ္တခိုလုံကြရပြီး ဆွေမျိုးမရှိသူများအတွက် ဇိုခေါထာရ်ကျေးရွာတာဝန်ရှိသူများက ယာယီခိုလုံမည့်နေရာများ ပြင်ဆင်ပေးထားကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်မြို့ဖြစ်သည့် ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် CNA, CDF-Hualngoram, PDA-Tidem, CDF-Thantlang နှင့် CDF-Zanngiatram စသည့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ပူးပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သိမ်းယူပြီးနောက် နယ်မြေခံတပ်ဖွဲ့ဖြစ်သော HPO/CDF-Hualngoram တပ်ဖွဲ့က ရိခေါဒါရ်မြို့အပါအဝင် ဟွာလ်ငိုးရမ်းဒေသတွင် ဒေသန္တရအစိုးရအုပ်ချုပ်ရေးလုပ်ငန်းများဖော်ခဲ့သည်။

နောက်ပိုင်းတွင် CNO/CNDF တပ်ဖွဲ့နှင့် နယ်မြေဒေသအငြင်းပွားမှုကြောင့် စစ်ရေးအခြေအနေတင်းမာခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...