ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်း တက်ရောက်ရန် CDF-Hakha ထုတ်ပြန်

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်း တက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CDF-Hakha Central Council က ဟားခါးမြို့နယ်အတွင်း နေထိုင်သူ လူငယ်အမျိုးသားများ မြို့နယ်ပြင်ပသို့ မထွက်ခွာရန်နှင့် အရံတပ်ဖွဲ့သင်တန်းများ မဖြစ်မနေတက်ရောက်ရန် ဇူလိုင် ၃ ရက်တွင် အသိပေးချက် ထုတ်ပြန်သည်။

လူငယ်များအနေဖြင့် တော်လှန်ရေးတွင် ပါဝင်ချင်သည့်ဆန္ဒ ရှိကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု CDF-Hakha မှ တာဝန်ရှိသူက ပြောသည်။

“တော်လှန်ရေးမှာ လူငယ်တွေကတော့ တာဝန်သိစိတ်လည်းရှိပါတယ်။ သင်တန်းလည်းတက်ချင်ကြပါတယ်။ အချိန်ပြည့် တာဝန်လဲ ထမ်းဆောင်ချင်တဲ့သူတွေအများကြီးပါ။ ဒါပေမဲ့ မိဘတွေက မပါစေချင်ဘူးပေါ့နော်။ အတင်းကို နိုင်ငံခြားကို သွားခိုင်းလိုက် ကျောင်းကို တက်ခိုင်းလိုက်နဲ့။ လူငယ်တွေကလည်း ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခြေအနေ ကြည့်ပြီးတော့ ဟားခါးကနေ အပြင်ကို ထွက်ခွင့် အရင်ပိတ်လိုက်တာပါ။” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၁ ရက်‌နေ့ကစ၍ ဟားခါးမြို့က လူငယ်အမျိုးသားများ မြို့နယ်ပြင်ပသို့ ထွက်ခွာခြင်းကို လုံးဝတားမြစ်လိုက်ပြီး ထွက်ခွာရန် ကြိုးစားသူများကိုလည်း ဂိတ်မှ လှည့်ပြန်ခိုင်းမည်ဟု CDF-Hakha ကဆိုသည်။

ထို့နောက် လူငယ်အမျိုးသားမှန်သမျှ ဟားခါးမြို့နယ် အရံတပ်ဖွဲ့သင်တန်းတက်ရောက်ကြရန် ထုတ်ပြန်ထားပြီး ပြည်တွင်းနှင့် မီဇိုရမ်ပြည်နယ်ရောက် ဟားခါးလူငယ်များလည်း ဇူလိုင်လမကုန်မီ ပြန်လာကြရန်လည်း CDF- Hakha က အသိပေးထားသည်။

အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် ချွင်းချက်အနေဖြင့် ကျန်းမာရေးမကောင်းသူများကလွဲပြီး ကျန်ဟားခါးမြို့နယ်အတွင်း မွေးဖွားကြီးပြင်းသူများ၊ အိမ်ပိုင် ယာပိုင်ရှိသူများနှင့် လက်ရှိ နေထိုင်နေသူ လူငယ်မှန်သမျှ တက်ရောက်ကြရမည်ဟု သိရသည်။

“ချွင်းချက်က အများကြီးထားရင်လဲ အဆင်မပြေပြန်ဘူး။ ကျန်းမာရေးက လုံးဝအဆင်မပြေဘူးဆိုရင်တော့ ဒါက ဆေးလက်မှတ်ရယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် သင်းအုပ်ဆရာလားပေါ့နော် အာမခံပေးမဲ့သူရဲ့ အသိအမှတ်ပြုခြင်းနဲ့ပဲ ကျွန်တော်တို့ လက်ခံမှာ ဖြစ်တယ်။ မိသားစုအရေးတို့ ဘာတို့ ဆိုရင်တော့ ဒီခေတ်မှာ ဘယ်သူမှ အဆင်ပြေတဲ့မိသားစုဆိုတာ မရှိဘူး။ တစ်ချို့ဆိုရင် သားအမိနှစ်ယောက်ထဲ မိခင်ကို ချန်ထားပြီး သားက ဒီမှာ ပါဝင်တဲ့သူတွေရှိကြတာပဲ။ ဒါက အားလုံးရဲ့ တာဝန်ဖြစ်လို့ပေါ့နော်။” ဟု CDF- Hakha မှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ်မှ ပြည်ပသို့ထွက်ခွာသည့် လူငယ်အမျိုးသားများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ရန်ပုံငွေထည့်ဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အားလုံးသိတဲ့အတိုင်းပါပဲ တော်လှန်ရေးဆိုတာက တစ်ဦးတစ်ယောက်ရဲ့ အကျိုးအတွက်မဟုတ်ဘူး။ အားလုံးရဲ့ အကျိုးအတွက်ပါ။ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် လူငယ်တွေ အကြောင်းအမျိုးမျိုးပြမယ် မိသားစုကိစ္စ ဘယ်လိုရှိတယ် အဆင်မပြေဘူးဆိုရင်တော့ လုပ်နိုင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ အဲလိုသာဆိုရင် ကျွန်တော်တို့ စစ်ကျွန်ဘဝမှာပဲ နေသွားဖို့ရှိတယ်။ အခု နောက်ဆုံးအဆင့်ရောက်နေပြီ။ အားလုံး ကိုယ့်အသိနဲ့ ကိုယ် ဆက်ကပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လူငယ်တွေက မဆက်ကပ်မချင်း ကျွန်တော်တို့ အရေးယူရတော့မှာပါ။ လူငယ်တွေကိုဖမ်းပြီး ထိန်းသိမ်းဖို့ပဲ ရှိမယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဖမ်းလည်း မဖမ်းချင်ဘူး။ ထိန်းလဲ မထိန်းသိမ်းချင်ပါဘူး။ ဒါကြောင့် လူငယ်တွေကလည်း မိမိဆန္ဒနဲ့ ပါဝင်ကြဖို့ ပြောချင်ပါတယ်။” ဟု CDF- Hakha မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း ဟားခါးမြို့နယ်အတွင်းရှိ လူငယ်များအားလုံး အခြေခံစစ်ပညာသင်တန်းတက်ရောက် ကြရန် CDF-Hakha က တိုက်တွန်းနိုးဆော်ခဲ့ပြီးဖြစ်ကာ လူငယ်အများအပြား စစ်သင်တန်းသို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...