မိုးညှင်းမြိုနယ်အတွင်းမှာ ကျွမ်းကျင်ဆရာဝန်တွေ ရှားပါးနေတာကြောင့် အသက်ဆုံးရှုံးရတဲ့လူနာဒေသခံတွေ များပြားလာနေ

မိုးညှင်းမြိုနယ်အတွင်းမှာ ကျွမ်းကျင်ဆရာဝန်တွေ ရှားပါးနေတာကြောင့် အသက်ဆုံးရှုံးရတဲ့လူနာဒေသခံတွေ များပြားလာနေ

အင်းတော်ကြီးဒေသ၊ ဟိုပင်မြို့အပါအဝင် မိုးညှင်းမြို့နယ်အတွင်းမှာ ကျွမ်းကျင်ဆရာဝန်များ မရှိသလောက် ရှားပါးနေတာကြောင့် ပြင်းထန်လူနာဒေသခံတွေဟာ မကြာခန အသက်သေဆုံးမှုတွေရှိလာနေတယ်လို့ သိရပါတယ်။

“ကလေးမတစ်ယောက်ဆို နန့်မွန်းဆေးရုံမှာပြတာ ဆရာဝန်က သွေးလွန်တုတ်ကွေးဖြစ်တာဆိုပြီး ဆေးရုံတက်ခိုင်းတာ ‘သွား’မှာ သွေးတွေထွက်လာတော့ မအေက စိတ်ပူလို့ မန္တလေးဘက်ကို သွားပြခါမှ အေ့ခါကျမှ သွေးကင်ဆာမှန်းသိတာ သွေးကင်ဆာဖြစ်တာကို မသိခဲ့ကြဘူး။ သေသွားတယ် အဲ့ကလေးမလည်း” ဟု အင်းတော်ကြီးဒေသအတွင်း နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးက ပြောပြပါတယ်။

ဒီနှစ်ပိုင်းတွေမှာ ဒီလိုဖြစ်စဉ်တွေဟာ လတိုင်းလိုလို အဖြစ်များနေတာဖြစ်ပြီး ဒေသတွင်းမှာလည်း ကင်ဆာ

အမျိုးမျိုးဖြစ်ပွားမှုတွေလည်း တိုးများလာနေသလို ဖြစ်ပွားတဲ့ရောဂါကိုလည်း အချိန်မှီ မသိရှိမှုတွေကြောင့် ရောဂါနဲ့ ဆေးဝါးအသုံးပြုမှု လွဲမှားခြင်းတွေလည်း မကြာခနရှိနေပါတယ်။

ဒါ့အပြင် ရောဂါရှာဖွေရေးစက်ကိရိယာမပြည့်မစုံမှုတွေကြောင့်  ရောဂါအမျိုးအမည် သိရှိနိုင်ဖို့ ဆေးစစ်ချက်အဖြေတွေ ရရှိအောင် မန္တလေးလို မြို့ကြီးတွေဆီကို တစ်ချို့သော သွေးနမူနာများအား ပို့ဆောင်စမ်းသပ်ရပြီး အချိန်ကြာမြင့် နောက်ကျမှုတွေ ဖြစ်ပွားနေတာပါ။ 

“ဟိုပင်မှာ သွေးစစ်တာ သွေးစစ်တာလည်း ကြာတယ်။ တချို့သွေးတွေကို မန္တလေးကို ပို့ရတယ်။ ဘာနဲ့ပို့လဲတော့မသိဘူး။ လေယာဉ်နဲ့လား။ ကားနဲ့ ပို့တာလားတော့မသိဘူး။ (၁၅) ရက်လောက်ကြာတာ” လို့ ရောဂါအမည်အသိနောက်ကျမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ခဲ့ရသူ ဒေသခံအမျိုးသမီးငယ်က အခုလိုပြောပြတာပါ။

မိုးညှင်းမြို့အတွင်းရှိ ပြည်သူ့ဆေးရုံမှာ သူနာပြုအကြီးတန်းများသာရှိနေပြီး ပုဂ္ဂလိကဆေးရုံများကနေ လာရောက်ကုသမှုပေးတဲ့ အချိန်ပိုင်းဆရာဝန်များသာရှိကြောင်း သိရပါတယ်။ 

မိုးညှင်းမြို့နယ်မှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ဆရာဝန် အင်အား ၂၅ ဦးနဲ့ သူနာပြု အင်အား ၁၁၀ ကျော် ရှိခဲ့ပေမယ့် လက်ရှိမှာ သုံးပုံတစ်ပုံခန့်သာရှိတော့ကြောင်း သိရပါတယ်။ 

မိုးညှင်းခရိုင် ဆေးရုံကို ကုတင် ၂၀၀ ဆံ့တဲ့ ဆေးရုံအဖြစ် အဆင့်မြင့်တင်ပေးဖို့ မြို့မိမြို့ဖတွေက စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ၂၀၂၃ ခုနှစ်  စက်တင်ဘာလ ၁၄ ရက်နေ့မှာ တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိ ဆေးရုံလက်ပတ်နိုင်ရေးအတွက် တင်ပြပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မိုးညှင်းမြို့နယ်က ကျန်းမာရေးဝန်ထမ်းများနဲ့ ဆရာဝန်များ အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)ကို ပြုလုပ်ခဲ့ကြတာဖြစ်သလို အဆိုပါကာလမှစပြီး ယနေ့အထိ ဝန်ထမ်းလစ်လပ်နေရာတစ်ချို့မှာ ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...