CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသမှာ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား ယမန်နေ့ နေ့လယ်ပိုင်းက ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်ကစ၍ Satawm၊ Lianhna နှင့် Tuichirh ကျေးရွာတို့တွင် နှစ်ဖက်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု CDF-Hualngoram ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောဆိုသည်။

“CNO/CNDF က ကျွန်တော်တို့ကို နယ်မြေကျူးကျော်ပြီး ဒရုန်းနဲ့ အရင်လာချတဲ့အတွက်ကြောင့် ထိတွေ့မှု ဖြစ်သွားတာပါ” ဟု CDF-Hualngoramမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CNDF တပ်ဖွဲ့က Satawm နဲ့ Lianhna ကျေးရွာကို ဒရုန်းများဖြင့် စတင်ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ၎င်းကဆက် ပြောသည်။

CDF-Hualngoram ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်အရ CNO/CNDF တပ်ဖွဲ့များသည် ယခင်လက ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ စခန်းသစ်များ တည်ဆောက်လာခြင်းကြောင့်

နှစ်ဘက်တပ်အကြား တင်းမာမှုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“CNO/CNDF က CDF-Hualngoram နယ်မြေထဲကို ကျူးကျော်ပြီး Post(စခန်း)အသစ်တွေ လာဆောက်ကြတယ်။ ပြီးခဲ့တဲ့လကနေ မနည်းတိုးလာတာပေါ့နော်။ ကျွန်တော်တို့ လက်နက်မသုံးအောင် အများကြီး ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ဘက်က အရင် သေနတ်မဖောက်ဖို့ပေါ့နော်။ ဒါနဲ့ သူတို့က အင်အား တိုးချဲ့လာတယ်။ အခုလို ထိတွေ့မှုကတော့ မဖြစ်သင့်တဲ့ဟာပေါ့နော်၊ ကိုယ့်နေရာနဲ့ကိုယ် နေကြဖို့ပဲ၊ အရင်ကတည်းက‌ ကျွန်တော်တို့ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ သူတို့က ဖလမ်းကို သိမ်းပြီးတော့မှ ၂၀၂၃ ကတည်းက သိမ်းထားတဲ့ ရိမြို့ကို သူတို့ လိုချင်တာပါ။ ဆက်လက်ပြီး အခြေအနေကတော့ မှန်းလို့မရဘူး။ ကြီးလာနိုင်တယ်။ အဖွဲ့တစ်ခုကို ဝင်စီးမဲ့ပုံစံမျိုးနဲ့ ဝင်တိုက်နေတော့ ခုခံပြီးတော့ တုံ့ပြန်ပြီး တန်ပြန်စစ်တော့ ရှိလာအုံးမှာပဲ။ အဲဒီတန်ပြန်စစ်က ဘယ်လောက်ကြီးနိုင်သလဲတော့ ပြောလို့မရဘူးပေါ့နော်။” ဟု CDF-Hualngoramမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

CNO/CNDF ၏ မီဒီယာ The Rihli Voice ကတော့ CDF-Hualngoram တပ်ဖွဲ့က Tuichirh ကျေးရွာမှာ စတင်ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ယခင်ကတည်းက နယ်မြေဒေသအငြင်းပွားမှုကြောင့် စစ်ရေး အခြေအနေတင်းမာခဲ့ကြပြီးနောက် ဟွာလ်ငိုးရမ်းဒေသကို အရေးပေါ်အခြေအနေအဖြစ် ဇွန်လ ၁၆ ရက်နေ့က CDF-Hualngoram က ကြေညာခဲ့သည်။

July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...
July 18, 2026
ချင်းပြည်၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေရပ်ပြန်လာကြရန် စစ်ဘေးရှောင်ပြည်သူ...