မြေမြှပ်မိုင်းနှင့် စစ်ကျန်လက်နက်များအကြား ကျိုက်မရောတောင်သူများ မိုးစပါးစိုက်ပျိုးနေရ

မြေမြှပ်မိုင်းနှင့် စစ်ကျန်လက်နက်များအကြား ကျိုက်မရောတောင်သူများ မိုးစပါးစိုက်ပျိုးနေရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်တစ်လျှောက်ရှိ လယ်ယာမြေတို့တွင် မြေမြှုပ်မိုင်းနှင့် မဖယ်ရှားနိုင်သေးသည့် စစ်လက်နက်အကြွင်းအကျန်များရှိနေသော်လည်း တောင်သူများ မိုးစပါး စိုက်ပျိုးနေရဆဲဖြစ်ကြောင်း သိရသည်။

ကော့ပလိုင်၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စသည့် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများနှင့် အနီးနားတဝိုက် လယ်ယာမြေတို့တွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့်နေရာ ၁၄ ခုအထိ ရှိနေပြီး ၎င်းတပ်နေရာတစ်ဝိုက်တွင် မပေါက်ကွဲသေးသည့် မြေမြှပ်မိုင်းများစွာရှိနေကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။

ထို့ပြင် ဒေသတွင်း နှစ်ဖက်တိုက်ပွဲတို့ကြောင့် ယမန်နှစ်ကပင် လယ်ယာမြေအတွင်း မဖယ်ရှားနိုင်သည့် စစ်လက်နက်အကြွင်းအကျန်တို့လည်းရှိနေပြီး စပါးထွန်ယက်စိုက်ပျိုးစဉ် ပေါက်ကွဲမှုဖြစ်ကာ ကျွဲ၊ နွားနှင့် တောင်သူများ မကြာခဏ ထိခိုက်ဒဏ်ရာရနေသည်ဟု သိရသည်။

သို့သော် စားဝတ်နေရေးနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်၍ တောင်သူအနည်းစုတို့က မိုးစပါးကို ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးနေကြကြောင်း ကျိုက်မရောတောင်သူတစ်ဦးက ဆိုသည်။

“ကိုယ်မလုပ်ဘူးဆိုလည်း လယ်ယာမြေတွေ ပျက်စီးသွားမယ်။ တာဝန်ရှိသူတွေ သိမ်းသွားမှာကို စိုးတယ်။ ပြီးတော့ ဒီအလုပ်ကိုပဲ လုပ်နေတာ ဒါမှမလုပ်ရရင် ဘာစားရမှာလဲ မိသားစုအတွက်ကို ပိုစိတ်ပူတယ်” ဟု ကော့သပ်ရွာရှိ တောင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စွဲထားသည့်နေရာနှင့် နီးသည့် လယ်ယာတို့တွင် တောင်သူများ မိုးစပါးစိုက်ပျိုးခြင်း လုံးဝရပ်နားထားရကြောင်းလည်း ဆိုသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူတို့သည် မြေမြှပ်မိုင်းအန္တရာယ်ကြောင့်  ၃ နှစ်ဆက်တိုက် လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်ဘဲ ဆန်ကို ဈေးကြီးပေးဝယ်ယူ စားသုံးနေရသည်။

ဒေသတွင်း တပ်စွဲထားသည့် စစ်ကောင်စီတို့က မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်အကျန်ပစ္စည်းများကို မဖယ်ရှားပေးနိုင်သည့်အပြင် ၎င်းတို့၏ တပ်စခန်းနှင့် ပေ ၃၀ အကွာအဝေးအတွင်းရှိ လယ်ယာမြေများကိုသာ လုပ်ကိုင်ရန် သတိပေးထားကြောင်း ဆက်ပြောသည်။

“ဒီမိုင်းတွေက သူတို့တပ်နဲ့ နီးတဲ့ နေရာတွေမှာ သူတို့ထောင်ထားတယ်။ တပ်တွေက လယ်ယာမြေတွေနဲ့ နီးနေတော့ လယ်ကွင်းတွေမှာ မိုင်းတွေကို သူတို့ အကုန်ထောင်ထားတယ်။ ကိုယ်တွေက သူတို့ကို ဘာမှ မပြောရဲ မဆိုရဲဘူး။ လယ်လုပ်ဖို့ မိုင်းတွေ ထိမှာကိုလည်း ကြောက်ရတယ်။ သူတို့ အနီးမှာရှိတဲ့ လယ်တွေဆို အကုန်လုံးက ပစ်ထားရတယ်။ အများစုက မလုပ်ရဲဘူး” ဟု ကျိုက်မရောတောင်သူက ဆက်ပြောသည်။

မိုးရာသီတွင် မိုးရွာသွန်းမှုများပြီး မြေပြင်ပြောင်းလဲမှုများကြောင့် မြေမြှုပ်မိုင်းများနှင့် အခြားသော ပေါက်ကွဲတက်သည့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းများသည် မူလတည်နေရာမှ ရွှေ့ပြောင်းနိုင်ခြေရှိသောကြောင့် စစ်ကောင်စီတပ်စခန်းနှင့် ဝေးသောနေရာများတွင်လည်းကောင်း၊ နေအိမ်နား၊ ခြံဝင်းများအထိအန္တရာယ် ရောက်ရှိသွားနိုင်သဖြင့် အသွားအလာသတိရှိရန် မြေမြှပ်မိုင်းအရေး လှုပ်ရှားသူတို့က အသိပေးပြောဆိုထားသည်။

ပြီးခဲ့သည် မေလအတွင်း ကျိုက်မရောမြို့နယ်တွင် မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှု ၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျိူက်မရောမြို့နယ်သည် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့်နယ်မြေဖြစ်တာကြောင့် နယ်မြေရှင်းလင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီမှ အင်အားဖြည့်တင်းလာသလို ၎င်းတို့တပ်စွဲထားသည့် နေရာများကို တော်လှန်ရေးပူးပေါင်းတပ်တို့က မကြာခဏ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...