ဗလာမပါ မဲနှိုက်ပြီး ယာဉ် ချောဆွဲ

ဗလာမပါ မဲနှိုက်ပြီး ယာဉ် ချောဆွဲ

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အများပြည်သူပိုင်ဆိုင်သည့် ယာဉ်များကို စစ်ကောင်စီတပ်က ဖိအားပေး ချောဆွဲအသုံးပြုနေသည်ဟု ဒေသခံများက ပြောသည်။

ပင်းတယနှင့် ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် ဗလာမပါ မဲနှိုက်စနစ်ဖြင့် ရွေးချယ်၍ ဒေသခံများ ပိုင်ဆိုင်သည့် ယာဉ်များကို ရှေ့တန်းစစ်မြေပြင်အတွက် ဇွန်လ နောက်ဆုံးပတ်အတွင်း ချောဆွဲအသုံးပြုနေခြင်း ဖြစ်သည်။

ပင်းတယဒေသခံ ယာဉ်ပိုင်ဆိုင်သူ တစ်ဦးက “ဖယ်ခုံအရှေ့ဘက်ကမ်းမှာ ဖြစ်နေတဲ့ စစ်ပွဲအတွက်သုံးမှာ။ ထွေအုပ် ကတဆင့် စုံစမ်းထားတာ။ မဲက ၄ ယောက်နှိုက်ရင် ၄ ယောက်လုံး ပေါက်တယ်။ ကားကလည်း ဒီတိုင်းပေးလို့ မရဘူး။ သူတို့ သတ်မှတ်ချက် ရှိတယ်။ ဆီဖြည့်ပေးရမယ် ဘာညာပေါ့။ ဘာကားဖြစ်ဖြစ် အကုန်ပါတယ်” ဟု ပြောသည်။

မဲပေါက်သည့် ကားများမှာ ဆီအပြည့် ဖြည့်ပေးရခြင်း၊ ယာဉ်ကြံ့ခိုင်မှု ရှိအောင် စစ်ဆေးပေးရခြင်း၊ ကားပိုင်ရှင် က စစ်မြေပြင်အထိ ယာဉ်မောင်းအဖြစ် လိုက်ပါပေးရခြင်း စသည့် စည်းကမ်းချက်များစွာ သတ်မှတ်ထားသည် ဟု ဒေသခံများက ပြောသည်။

လက်ရှိ ချောဆွဲနေသည့် ကားများမှာ Hijet, Light Truck, Candar, Dyna စသည့် ၁၄ ပေအောက် ကုန်ယာဉ် များ အများဆုံးဖြစ်ပြီး အိမ်စီးကား အချို့လည်း ပါဝင်ကြသည်ဟု ဆိုသည်။

ပင်းတယမြို့နယ် ထွေအုပ်နှင့် နီးစပ်သူ တစ်ဦးက “သူတို့ခေါ်ရင် မောင်းမယ့်လူက အဆင့်သင့် ရှိနေရတယ်။ ကားစစ်တာလည်း ကိုယ့်အိတ်စိုက်ပဲ။ အခန့်မသင့်ရင် လူပါသေဦးမယ်။ အိမ်သုံးကားတွေတော့ မဲမနှိုက်ရဘူး။ သူတို့က ဒါယူမယ်ဆို ချက်ချင်း လိုက်ရတယ်။ ပိုက်ဆံက အနည်းဆုံး တစ်သောင်း ထည့်ရတယ်။ Without (လိုင်စင်မဲ့) ဆိုရင်တော့ ပြန်မရဘူး” ဟု ပြောသည်။

လတ်တလော စုံစမ်းမှုအရ ပင်းတယနှင့် ရွာငံမြို့နယ်တို့တွင် ယာဉ်အစီးရေပေါင်း ၂၀ ကျော်အထိ ချောဆွဲ အသုံးပြုထားပြီး ယာဉ်အများစုမှာ စစ်ကောင်စီတပ်က အသုံးပြုပြီးသည့်အချိန်တွင် နေအိမ်အရောက် ပြန်လာ ပို့သော်လည်း အချို့မှာ ရက်ပေါင်းများစွာ ကြာသည်အထိ ပြန်မပို့သောကြောင့် ယာဉ်ပိုင်ရှင်များက စိုးရိမ်ပူပန် နေကြရသည်။

စစ်ကောင်စီမှ ထိုသို့ ချောဆွဲမှုများကြောင့် ဒေသခံများ အနေဖြင့် ယာဉ်ပြင်ဆင်မှုအတွက် ငွေကုန်ကြေးကျ များစွာရှိခြင်း၊ အချို့ယာဉ် အပိုပစ္စည်းမှာ ရှားပါးခြင်း၊ စက်သုံးဆီ ဝယ်ယူရန် မလွယ်ကူခြင်း စသည့် အခက်အခဲ များစွာနှင့် ကြုံတွေ့နေရသည်ဟု ယာဉ်ပိုင်ရှင်များ ပြောပြချက်အရ သိရသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...