ကလေးမြို့က ဘီယာဆိုင်မှာ လူငယ်တွေကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွား

ကလေးမြို့က ဘီယာဆိုင်မှာ လူငယ်တွေကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လကနေ စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ စမ်းမြို့ရပ်ကွက်က ဘီယာဆိုင်တဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၄/ ၅ ယောက်ဝန်းကျင်ကို အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင် သွားတာကို ကလေးမြို့ဒေသခံတစ်ဦးက သူမျက်မြင် တွေ့ခဲ့တယ်လို့ Chin World Media ကိုပြောပါတယ်။

ဒေသခံ မျက်မြင်တစ်ဦးက “ဖမ်းတာက နေ့တိုင်းလိုလိုကို ဖမ်းနေကြတယ်။ ဟိုတနေ့က စမ်းမြို့ရပ်ကွက်က အရက်ဆိုင်ကနေ လူငယ်တွေကို ညနေလောက်မှာ ဆွဲတာ ကျနော်ကိုယ်တိုင်မြင်လိုက်တယ်။ 4w ကားနဲ့ လူငယ် လေးငါးယောက်လောက်ပါသွားတယ်။ ဟိုတလောကဆိုရင် ရပ်ကွက်ထဲက ခြင်းဝိုင်းကို ဝင်ပြီးဖမ်းသွားတယ်။ အင်္ကျီချွတ်တွေနဲ့ ပါသွားတယ်။ အင်္ကျီတောင်ဝတ်ခွင့်မရလိုက်ဘူး။ တန်းဆွဲခေါ်သွားတာပေါ့။ ဖမ်းလာပြီဆိုရင် ဒကစကို သွားရင်သွား မသွားရင် စုပေါင်းရုံးဘက်သွားတယ်။ ဒါပြီးရင် စစ်ဆေးရုံမှာ ဆေးစစ်ဆေးပြီးမှ လေ့ကျင့်ရေး ၁၀ ကို ပို့၊ မပို့ဘူးဆိုရင် တခြားမြို့တွေကို စစ်တပ်သုံးလေယာဉ်တွေနဲ့ တခြားမြို့တွေ ပို့ပစ်တယ်။ အဖမ်းဆီးက နေ့တိုင်းလိုလိုရှိနေတယ်” လို့ပြောပါတယ်။

ဇွန်လဆန်းကတည်းကနေ ကလေးမြို့ပေါ်က လူငယ်တွေများတဲ့နေရာတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး အခုလိုဖမ်းဆီးမှုပုံစံနဲ့ဆိုရင် တစ်ပတ်ကို အနည်းဆုံး အယောက် ၃၀၊ ၄၀ ဝန်းကျင်တော့ ဖမ်းမိနိုင်တယ်လို့လည်း ကလေးမြို့က စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေသူက ပြောပါတယ်။

“တခါတလေ အရပ်ဝတ် တခါတလေတော့လည်း ပျောက်ကျားဝတ်စုံ ( စစ်ဝတ်စုံ) နဲ့ လူဖမ်းခဲ့ပြီးပြီဆိုရင် ကားအနောက်မှာ အနည်းဆုံး ၂ ယောက်က သေနတ်နဲ့ စောင့်ပြီးခေါ်သွားတယ်။ အိမ်စီးကားတွေနဲ့ အခုက ရဲတွေ ပျူတွေကိုဘဲ တာဝန်ပေးထားတယ်လို့ပြောတယ်” လို့လည်း ကလေးမြို့က စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။

ယခင်က ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ဖို့ စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကတဆင့် ဆင့်ခေါ်စာတွေနဲ့ အကြောင်းကြားပြီး လူသစ်စုဆောင်းမှုတွေလုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်း ဆင့်ခေါ်စာကြိုတင်ရတဲ့သူက ထွက်ပြေးတိမ်းရှောင်တာတွေကြောင့် စစ်သားသစ်စုဆောင်းတာကို နည်းလမ်းပြောင်းလဲပြီး စစ်သင်တန်းကျောင်းကို ချက်ချင်းခေါ်ဆောင်သွားတာတွေ အခုနောက်ပိုင်း ဒေသတချို့မှာ စစ်ကောင်စီက တပြိုင်တည်း ပြုလုပ်လာနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် မေလမှာ စတင်ခဲ့ပြီး လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၄ ထိ ရောက်ရှိနေပြီး စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက်လည်း စစ်သားစုဆောင်းဖို့ ပြင်ဆင် လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...