ရေဘေးသင့်ခဲ့တာကြောင့် နေထိုင်ရေးအခက်ကြုံနေတဲ့ ထလာထုကျေးရွာက ဒေသခံတွေ ကျေးရွာကနေ ရွှေ့ပြောင်းဖို့ စီစဉ်

ရေဘေးသင့်ခဲ့တာကြောင့် နေထိုင်ရေးအခက်ကြုံနေတဲ့ ထလာထုကျေးရွာက ဒေသခံတွေ ကျေးရွာကနေ ရွှေ့ပြောင်းဖို့ စီစဉ်

ရေဘေးသင့်ခဲ့တာကြောင့် နေထိုင်ရေးအခက်ကြုံနေတဲ့ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့နယ်၊ ထလာထုကျေးရွာက ဒေသခံတွေ ကျေးရွာကနေ ရွှေ့ပြောင်းဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

ရေဘေးဒဏ်ကြောင့် ရွာတည်လို့မရတော့တဲ့ ထလာထုကျေးရွာကနေ ရွှေ့ပြောင်းနိုင်ဖို့ မြေနေရာစီစဉ်ပေးမှာ ဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ စီစဉ်နေကြတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ရွာမှာနေလို့မရတော့လို့ ပြောင်းကြတော့မယ်။ အသင်းတော်ကော်မတီက မြို့နယ်ထွေအုပ်နဲ့ ပေါင်းပြီး မြေနေရာတော့ စီစဉ်ပေးမယ်လို့ ကြားတယ်။ ဒါပေမဲ့ အစစအရာရာ အခက်ခဲကြုံတွေ့ နေရတယ်။ မိုးတွင်းဆိုတော့ ပိုဆိုးတာပေါ့။ ရွာခံတွေ စေတနာနဲ့ ကူညီတာကလွဲ တခြား အကူညီ မရှိလောက်ဘူး။” လို့ ဆိုပါတယ်။

ထလာထုကျေးရွာကနေ နောင်မွန်မြို့နယ်အတွင်းက နမ်ပန်ဒမ်းရွာ၊ ကဆန်ခူးရွာနဲ့ လန်နိုင်ပန်ကျေးရွာတွေဘက် ပြောင်းရွှေ့ဖို့ စီစဉ်နေကြတာဖြစ်ပြီး လာမယ့် ဇူလိုင်လလယ်လောက်မှာလည်း မိသားစု ၇ စု ပြောင်းရွှေ့ဖို့ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပြန်လည်ထူထောင်ရေးနဲ့ နေအိမ်တွေ တည်ဆောက်ယူဖို့ အခက်ခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

လတ်တလောကတော့ ခိုလှုံလို့အဆင်ပြေဖို့ တတ်နိုင်သလိုဆောက်ထားတဲ့ ယာယီတဲမှာ နေထိုင်နေကြတာဖြစ်ပြီး စားဝတ်နေရေးအတွက် သက်ဆိုင်ရာကလည်း သုံးလစာ အခြေခံ အစားသောက်တချို့ ကူညီပေးထားတာရှိတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေဘက်က ကျောင်းတွေမှာ ကျောင်းဖွင့်လှစ်နိုင်တာ မရှိတာကြောင့် ထလာထုကျေးရွာက ကျောင်းသူ၊ ကျောင်းသားတွေသာမက တောင်ပေါ်ဒေသက ကျောင်းသားတွေအနေနဲ့ လာမယ့် ဩဂုတ်လအတွင်း နောင်မွန်မြို့ဘက် ပြောင်းရွှေ့တက်ရောက်နိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးမယ်ဆိုပြီး‌ ပြောဆိုထားကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလကုန်အပတ်လောက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတွေ တက်လာတာကြောင့် ထလာထုကျေးရွာမှာရှိတဲ့ နေအိမ် ၁၄ အိမ်ကနေ ၁၀ အိမ် ရေထဲပါသွားခဲ့တာဖြစ်ပြီး ကျေးရွာရဲ့ သုံးပုံနှစ်ပုံလောက်လည်း ရေထဲမျှောပါသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမိုးကြီးရေလျှံမှုအတွင်း လမ်းနေရာတော်တော်များများလည်း ပျက်စီးသွားခဲ့ပြီး လက်ရှိမှာတော့ လမ်းလွဲတွေ ခုတ်ထွင်ရှင်းလင်းပြီး သွားလာနေကြသလို မတည်ဆောက်နိုင်သေးတဲ့ တံတားတွေမှာတော့ ဝင့်ကြိုးတွေနဲ့ ကူးနေကြတာလို့ သိရပါတယ်။

လူဦးရေ အယောက် ၇၀ ကျော် နေထိုင်တဲ့ ထလာထုကျေးရွာဟာ ပန်နန်းဒင်မြို့ကနေ ခြေကျင်နဲ့သွားရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတစ်ခုဖြစ်သလို လွန်ခဲ့တဲ့ သုံးနှစ်ကလည်း မီးဘေးသင့်ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ဖူးပါတယ်။

April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...
ဓါတ်ပုံ(Credit)- EEDY
April 20, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့မှာ  ဝန်ထမ်းအတွဲ ၆၀ ရဲ့...
April 11, 2026
ကချင်ပြည်နယ်အတွက် အဆိုပြုထားတဲ့ ဝန်ကြီး ၇ ယောက်နဲ့ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့...