အခြားနည်းဖြင့် သုံးစွဲခွင့်မရှိသည့် မွန်ပြည်နယ်အတွင်းရှိ လယ်ယာမြေများ စစ်ကောင်စီအဖွဲ့တို့၏ ဝင်ငွေပေါက်ဖြစ်လာ

အခြားနည်းဖြင့် သုံးစွဲခွင့်မရှိသည့် မွန်ပြည်နယ်အတွင်းရှိ လယ်ယာမြေများ စစ်ကောင်စီအဖွဲ့တို့၏ ဝင်ငွေပေါက်ဖြစ်လာ

မွန်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာနှင့် အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး အခြားနည်းနှင့် သုံးစွဲခွင့်မရှိသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေတို့ကို စိတ်ကြိုက်အကွက်ဖော်ကာ လုပ်ငန်းရှင်နှင့် ဒေသခံတို့ထံ ရောင်းချနေကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့တို့က စီမံကိန်းမြေနေရာဟုဆို၍ လယ်ယာမြေတို့ကို လျော်ကြေးငွေအချို့ပေးဆောင်ကာ အတင်းအဓမ္မသိမ်းဆည်းခြင်း၊ ပြောင်းရွှေ့ခြင်းတို့ လုပ်ဆောင်စေပြီးနောက် မြေကွက်များကို အကွက်ဖော်ရောင်းချလျှက်ရှိသည်။

ယခုရက်ပိုင်းအတွင်း မုဒုံမြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့် မုဒုံ-ကန်ကြီးလမ်းမတန်းရှိ ရော်ဘာခြံမြေများကို ရှင်းလင်းကာ ပေ ၄၀/၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်းနှစ်ထောင်ဝန်းကျင်နှုန်းဖြင့် မြို့နယ်ထွေအုပ်အဖွဲ့နှင့် နယ်ခံအချို့တို့က အရောင်းအဝယ်ပြုလုပ်နေကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“စီးပွားရေးလုပ်တဲ့သူတွေနဲ့ အရောင်းအဝယ်လုပ်နေကြတာပေါ့၊ အဲလိုနေရာမျိုးကို နေပြည်တော်ကနေ စီမံကိန်းအကောင်ထည်ဖော်ဖို့ ပြန်လာရှာရင်တော့ သူတို့ပြန်သိမ်းလိုက်မှာပဲလေ။ ဘယ်လိုစာရွက်စာတမ်းမှ အသုံးမဝင်နေဘူး။ အခြားနည်းသုံးစွဲခွင့်အတွက် တရားဝင်ခွင့်ပြုထားတဲ့နေရာတွေမှဟုတ်တာဆိုတော့” ဟုဆိုသည်။

မြေယာဥပဒေအရ အခြားနည်းနှင့် သုံးစွဲရန် ခွင့်ပြုချက်မရှိသည့် မြေများဖြစ်ပြီး အချိန်မရွေး ပြန်လည်သိမ်းဆည်းနိုင်သည့်အတွက် ဒေသခံတို့ အရောင်းအဝယ်မလုပ်ဆောင်ရဲနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လယ်ယာမြေများကို ခွင့်ပြုချက်မရှိပဲ အခြားနည်းမသုံးစွဲကြရန် လယ်ယာမြေစီမံခန့်ကွဲမှုအဖွဲ့ အစည်းအဝေးတွင် ကိုယ်တိုင်မှာကြားခဲ့သည်။

သို့သော်လည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ကိုယ်တိုင်မှ လက်ရှိတွင် မော်လမြိုင်မြို့ပေါ်တွင် လှိုင်ရတနာမြို့ ကွက်သစ်ဖော်ထုတ်ရေးစီမံကိန်းကို အကောင်ထည်ဖော် လုပ်ဆောင်နေဆဲဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

“မြေယာတွေက စိတ်ကြိုက်ရောင်းဝယ်နေကြတာပဲ၊ တစ်ချို့က စာရွက်စာတမ်းအပြည့်နဲ့ရောင်းဝယ်ကြတယ်၊ တစ်ချို့ဆို ဘာစာရွက်စာတမ်းမရှိလဲ ဌာနဆိုင်ရာနဲ့ပေါင်းပြီးတော့ ရောင်းဝယ်နေကြတယ်။ ယုံတဲ့လူတွေကလည်း ဝယ်နေကြတာပဲ” ဟု ဆိုသည်။

ထို့အတူ အာဏာသိမ်းအစောပိုင်းကာလကတည်းကပင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကွမ်ရိုက်၊ ရွာလွတ်၊ သက္ကောနှင့် ကွမ်လမိုင်းကျေးရွာအတွင်း ဧကရာနှင့်ချီသည့် လယ်ယာမြေနှင့် ဥယျာဉ်ခြံများကို အကွက်ရိုက်ရောင်းချလာခဲ့ကြောင်း ယခုနှစ်တွင် အကွက်ဖော်ရောင်းချမှု အခြေအနေဆိုးရွားလာသည်ဟု ချောင်းဆုံဒေသခံတို့က ဆိုသည်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်သည့် မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံနှင့် ရေးမြို့နယ်တို့တွင် လယ်ယာမြေစီမံခွင့်ကို မြေစာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ စစ်ကောင်စီနှင့် နီးစပ်သည့်လုပ်ငန်းရှင်တို့ထံ ချယ်လှယ်ခွင့်ပေးထားသည်။

လယ်ယာမြေများကို အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုချက်မရရှိဘဲ အကွက်ရိုက်ရောင်းချခြင်းနှင့် ဝယ်ယူခြင်းသည် လယ်ယာမြေဥပဒေအရ တရားဝင်မှုမရှိကြောင်းနှင့် ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းလည်း သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...