တစ်လကျော်အတွင်း လူငယ် ၃၀ ကျော်ကို အွန်လိုင်းမှစောင့်ကြည့်ပြီး စစ်ကောင်စီဖမ်းဆီးခဲ့

တစ်လကျော်အတွင်း လူငယ် ၃၀ ကျော်ကို အွန်လိုင်းမှစောင့်ကြည့်ပြီး စစ်ကောင်စီဖမ်းဆီးခဲ့

အွန်လိုင်းပေါ်တွင် ဝေဖန်ရေးသားမှုများကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူမှုများကို စစ်ကောင်စီက ဆက်လုပ်နေပြီး DMG မှ ကောက်ယူထားသည့် အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မေလမှ ဇွန်လ ၂၀ ရက်အထိ လူငယ် ၃၂ ဦးအထိ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူများမှာ မန္တလေး ၉ ဦး၊ ရန်ကုန် ၅ ဦး၊ နေပြည်တော် ၃ ဦး၊ ပဲခူးတိုင်း ၃ ဦးနှင့် ဧရာဝတီ ၃ ဦး၊ ရခိုင် ၂ ဦး၊ မွန်ပြည်နယ် ၂ ဦးအပြင် ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်နယ်တို့မှ တစ်ဦးစီပါဝင်သည်။

Facebook ၊ Tiktok လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသား ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသည့် လူငယ်များထဲတွင် အမျိုးသားများအပြင် အမျိုးသမီးများလည်း ပါဝင်သည်။

၎င်းတို့ကို မည်သည့်ပုဒ်မများဖြင့် ဖမ်းဆီးထားသည်ကို မသိရသော်လည်း လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ပုဒ်မ ၅၀၅ (က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) အပြင် တည်ဆဲဥပဒေများနှင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ ကြေညာထားသည်။

“ကိုယ်က နိုင်ငံရေးတို့ဘာတို့နဲ့ နည်းနည်းဆက်စပ်တဲ့ ပို့စ်တစ်ခုခုရှဲတော့မယ်ဆိုရင်တောင် ငါ့ကို ဘယ်သူစောင့်ကြည့်နေလဲ။ သူတို့ သတိများထားမိသွားမလားဆိုတဲ့ အတွေးအရင်ဝင်မိတယ်။ စကစက ဒီလိုဖမ်းဆီးလာတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတာဖြစ်သလို စိတ်ပိုင်းဆိုင်ရာ နှိပ်ကွပ်မှုလုပ်တာလို့လည်းမြင်တယ်” ဟု မန္တလေးမြို့မှ အမျိုးသားတစ်ဦးကပြောသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ဆိုရှယ်မီဒီယာနှင့်ပတ်သက်၍ ဒီဂျစ်တယ်စောင့်ကြည့်ရေးစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

စစ်ကောင်စီက ဒီဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးခဲ့သူမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ (၄) နှစ်အတွင်း ၁,၇၂၉ ဦးအထိရှိကြောင်း Myanmar Internet Project (MIP)၏ အချက်အလက်အရ သိရသည်။

စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာကို မြှင့်တင်ကာ ပြည်သူများကို စောင့်ကြည့်နေသည့်အပြင် မြေပြင် စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုများ တင်းကျပ်ထားသည်။

“စစ်ဆေးရေးဂိတ်တွေ ဖြတ်ရတဲ့အချိန်ဆိုရင် ဖုန်းတွေကို မွှေနှောက်စစ်တာတွေရှိတယ်။ သူတို့ ကိုယ့်ဖုန်းမှာ မသင်္ကာစရာ တစ်ခုခုများတွေ့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် မတ်တပ်ကြီးရပ်ပြီး အစစ်ခံနေရတာတောင် ကျောချမ်းတယ်။ ကိုယ့်မှာ သူတို့စိတ်ခုလောက်စရာ မပါရင်တောင် စိတ်ပိုင်းဆိုင်ရာအရတော့ အတော်လေး အနှောင့်အယှက်ဖြစ်ပြီး စိုးရိမ်ရတဲ့အနေအထားပါ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးကပြောသည်။

စစ်ကောင်စီက CRPH၊ NUG တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီး ၎င်းတို့နှင့် ဆက်စပ်သည့်အဖွဲ့များမှ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စစ်အာဏာသိမ်းချိန်မှစတင်ကာ စစ်ကောင်စီက ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး ဒီဂျစ်တယ်စောင့်ကြည့်ရေး စနစ်မှတစ်ဆင့် အွန်လိုင်းပေါ်တွင် ဝေဖန်ရေးသားမှုများကိုပါ စောင့်ကြည့်ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်နေသည်။

(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...