ပူတာအိုခရိုင်အတွင်းက အစိုးရကျောင်းတွေမှာ ဖတ်စာအုပ် မထုတ်ပေးသေးတာကြောင့် ကျောင်းသူ/သားတွေ အခက်တွေ့

ပူတာအိုခရိုင်အတွင်းက အစိုးရကျောင်းတွေမှာ ဖတ်စာအုပ် မထုတ်ပေးသေးတာကြောင့် ကျောင်းသူ/သားတွေ အခက်တွေ့
ဓါတ်ပုံ - IPRD
ဓါတ်ပုံ - IPRD

ပူတာအိုခရိုင်အတွင်းက အစိုးရကျောင်းတွေမှာ ကျောင်းသုံးဖတ်စာအုပ်တွေ မထုတ်ပေးသေးတဲ့အပြင် အပြင်မှာလည်း ရောင်းချသူတွေမရှိတာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေဟာ ဖတ်စာအုပ်မရှိဘဲ ကျောင်းတက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်နှစ်တွေကလို အစိုးရကျောင်းအပ်တဲ့အခါ ဖတ်စာအုပ်တွေကို တက်ရောက်ရမယ့် အတန်းအလိုက် တစ်ခါတည်း မထုတ်ပေးတော့တဲ့အတွက် အခက်ခဲကြုံနေရတာလို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနှစ်က လုံးဝကိုမရောက်ဘူး။ လေယာဉ်နဲ့လည်း မသယ်ပေးဘူး။ ကုန်ကျအရမ်းများတဲ့အတွက်လေ။ အဲဒီတော့ ကျောင်းတက်နေတဲ့ ကလေးတွေအနေနဲ့ မဝယ်ယူနိုင်ကြဘူး။ ကားလမ်းကလည်း အမြဲတမ်းပျက်နေတော့ ဘယ်သူမှမသယ်ချင်ကြဘူး" လို့ ဒေသခံက ဆိုပါတယ်။

အရင်နှစ်က အနည်းငယ်ကျန်ရှိနေသေးတဲ့ ဖတ်စာအုပ် ဘာသာစုံကို ကျပ် ၅၀,၀၀၀ နဲ့ ရောင်းချကြတဲ့အချိန် ကျောင်းသူ/ကျောင်းသား အနည်းငယ်ရကြပေမဲ့ အများပိုင်းက မဝယ်လိုက်ရဘူးလို့လည်း ဆိုပါတယ်။

"ရောင်းတဲ့သူလည်း မရှိတော့ဘူး။ ဟိုတလောကတော့ ရောင်းတဲ့သူတွေကရောင်းကြတာ။ ရှိသလောက်လေး ရောင်းကြတာလေ" လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။

ဖတ်စာအုပ်မရရှိကြတဲ့ ကလေးမိဘတွေဟာ မြစ်ကြီးနားမြို့ကဝယ်ယူဖို့ ပြုလုပ်ကြပေမဲ့ ပြတ်လပ်နေတဲအတွက် မရရှိကြသလို ဒေသအတွင်း ဖတ်စာအုပ်အဟောင်းတွေကို ရှာဖွေပြီး တောင်းယူတာမျိုး ရှိပေမဲ့လည်း အခုအချိန်ထိ စုံလင်အောင် မရရှိသေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ရေး (မှတ်စု) စာအုပ်တွေလည်း ပူတာအိုခရိုင်အတွင်း ရောင်းချတာမရှိတဲ့အတွက် တချို့က မြစ်ကြီးနားမြို့ကနေ မှာယူနေကြရတယ်လို့လည်း သိရပါတယ်။

အရင်နှစ်တွေက အစိုးရကျောင်းမှာ ကျောင်းလာအပ်တဲ့ ကလေးတွေကို ကျောင်းအပ်တဲ့နေ့မှာပဲ မူလတန်းကနေ အထက်တန်းအထိ ဖတ်စာအုပ်နဲ့ ရေးစာအုပ်၊ ခဲတံ/ဘောပင်၊ ပေတံနဲ့ ခဲဖျက်တွေကို တစ်ခါတည်းပေးလိုက်ကြပေမဲ့ ဒီနှစ်မှာတော့ မရှိတဲ့ အခြေအနေပါ။

ပူတာအိုခရိုင်အတွင်းက မြို့နယ်တွေမှာသာမက ကျေးရွာတွေအထိ ကျောင်းတက်နေတဲ့ ကလေးတွေအနေနဲ့  စာရေးကရိယာတွေ မရှိတာကြောင့် ခက်ခဲနသလို ဆေးဝါးတွေလည်း တားမြစ်ပစ္စည်းတစ်ခုလို သယ်ယူခွင့်မရရှိကြတဲ့အတွက် အခြေခံဆေးဝါးတွေတောင်မှ မရှိတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပူတာအိုဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပြီး ရေကြီးရေလျှံမှုအပြင် မိုးရာသီရောက်တိုင်း ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လမ်းတွေပျက်စီးလေ့ရှိပြီး သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ အခြေအနေပါ။

Photo Credit- The Kachin Net
June 19, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့...
June 17, 2026
စစ်ဘေးတိမ်းရှောင်တာ တစ်နှစ်ကျော်ကြာမြင့်လာတဲ့နောက်ပိုင်း လဝါးဒေသခံပြည်သူအချို့...
June 16, 2026
မြစ်ကြီးနားခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ခတွေ ဈေးနှစ်ဆအထိ ဈေးတင်ရောင်းချမှုတွေ များလာပြီးနောက်...
June 15, 2026
မြစ်ကြီးနားမြို့‌က လူငယ်အချို့ ဦးဆောင်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker...