ကန့်သတ်အလုပ်လုပ်ကိုင်သူများ ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်ခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်မှုမြင့်တက်လာ

ကန့်သတ်အလုပ်လုပ်ကိုင်သူများ ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်ခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်မှုမြင့်တက်လာ

ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် အလုပ်များတွင် နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်မှု မရှိစေရေးအတွက် အာဏာပိုင်များက အစစ်အဆေး အဖမ်းအဆီး ပိုမိုလုပ်ဆောင်လာသောကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား စိုးရိမ်မှုမြင့်တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားလုပ်သားများအနေဖြင့် တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ အွန်လိုင်းဈေးရောင်းခြင်းကဲ့သို့ တားမြစ်အလုပ်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

ထို့အပြင် အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ပိတ်သိမ်းခံရကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ ဇွန် ၁၅ ရက်တွင် သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“စိုးရိမ်မှုကတော့ အများကြီးပါပဲ။ မြန်မာနိုင်ငံသားတွေရဲ့ ဝဋ်ကြွေးကံကြမ္မာလို့ ပြောရပေါ့။ ဘာဆက်ဖြစ်လာမလဲတော့ မသိဘူး။ နိစ္စဓူဝအနေနဲ့ နေထိုင်ရတာ စိတ်ဆင်းရဲတယ်။ ရတဲ့အလုပ်လေး ရှာကြံရင်းနဲ့ ဒီတစ်နှစ်ကို ကြိတ်မှိတ်ပြီး ဖြတ်သန်းရတော့မှာပဲ” ဟု ထိုင်းရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံထဲရှိ လုပ်ငန်းခွင်များထဲတွင် မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဥပဒေနှင့်အညီ လုပ်ကိုင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုများ မြင့်တက်နေသလို ဖမ်းဆီးခံရမှုများလည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ - JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “အလုပ်သမားချည်း ပြောလို့မရဘူး။ အလုပ်ရှင်ကလည်း တရားမဝင် work permit နဲ့ စာရွက်စာတမ်းမရှိတဲ့ နိုင်ငံခြားသားတွေကို မခိုင်းစေမိဖို့လည်း လိုတယ်။ ထိုင်းနိုင်ငံမှာ ကန့်သတ်အလုပ် ၂၇ မျိုးဆိုတာ ထပ်ခါထပ်ခါ ပြောပြီးသွားပြီး။ ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိပါတယ်။ မြန်မာတွေက မဆင်ခြင်တဲ့အပြင်မှ online မှာပါ ဈေးရောင်းတာတွေဖြစ်လာတယ်။ သူတို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်နေချိန်မှာ ဒီအလုပ်တွေကို လုပ်မိနေရင်လည်း အရှိန်သတ်ရမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅၊ ဇွန် ၁၃ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝ တားမြစ်ထားသော အလုပ်အကိုင်များတွင် နိုင်ငံခြားသားအလုပ်သမား ၄,၄၃၇ ဦးကို စစ်ဆေးခဲ့ပြီး ၄၁၇ ဦးအား တရားမဝင် အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် အရေးယူခဲ့ကြောင်း၊ ၎င်းထဲတွင် အများဆုံးပြစ်မှုများမှာ လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်ခြင်း၊ ဆံသသမား၊ အလှပြင်ဆရာများ၊ ထိုင်းရိုးရာနှိပ်နယ်သူများ၊ စာရေး၊ အတွင်းရေးမှူးနှင့် ယာဉ်မောင်းများဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် ၂၇ မျိုး သတ်မှတ်ထားပြီး ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန် စသော တားမြစ်အလုပ်များကိုလည်း ဝင်ရောက်လုပ်ပိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...