PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ ရက်မှစတင်ကာ ရေးသားဖြန့်ဝေလျက်ရှိသည်။

သတင်းအမှားလင့်ခ်များ

မှိုင်းဝေ - https://archive.is/nt4CQ

ကိုနှင်းမောင် – https://archive.ph/wip/DVvtr

Kachin Official Page – https://archive.ph/J31jH

The Kachin Sub-State Media – https://archive.ph/3x5Zq

အလားတူ DVB နှင့် Voice Of Myanmar သတင်းဌာနတို့တွင်လည်း နောင်ချိုမြို့မှ ဒေသတွင်းတော်လှန်ရေး အင်အားစု များကို TNLA က ဆုတ်ခွာခိုင်းလျက်ရှိကြောင်း သတင်းရေးထားသည်။

VOM – https://archive.ph/Xqga2

DVB – https://archive.ph/wip/pJEiO

ဖေ့ဘွတ်ခ်ပေ့ချ်အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင် MPA နှင့် Shan News (Burmese Version) တို့ ပူးပေါင်း၍ အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “နောင်ချိုတွင် TNLA က PDF ကို ထွက်ခွာခိုင်း” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ Shwe Phee Myay News Agency သတင်းဌာနက အဆိုပါ အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သတင်းအချက်အလက်စစ်ဆေးထားသည်။

Shwe Phee Myay ၏ Fact Check သတင်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို့ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားလျက်ရှိ သည့် နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို TNLA က ထွက်ခွာခိုင်းကြောင်း ပျံ့နှံ့နေ သော အကြောင်းအရာမှာ သတင်းအမှားကြောင်း ရေးသားထားသည်။

သတင်းလင့်ခ် – https://shorturl.at/1279Q

ဆက်လက်အတည်ပြုနိုင်ရန် Google တွင် ထပ်မံရှာဖွေရာ Burma VJ, Mizzima သတင်းမီဒီယာများ၌ TNLA က PDF များကို နောင်ချိုမြို့အတွင်းမှ ဆုတ်ခွာခိုင်းခြင်းမရှိကြောင်း သတင်းဖော်ပြထားသည်။

Burma VJ သတင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် အနီးဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့တွေကို တပ်ပြန်ဆုတ်ဖို့နှင့် နေရာပြောင်းရွှေ့ခိုင်းတဲ့သတင်းများထွက်ပေါ်နေမှု အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ငြင်းဆိုထားကြောင်း ရေးသားထားသည်။ “ဒီသတင်းက မမှန်ကန်ပါဘူး။ လက်ရှိအချိန်ထိ ဒီလိုမျိုး ပြောင်းရွှေ့ခိုင်းတာတို့၊ နောက်ဆုတ်ခိုင်းတာ တို့ မရှိသေးပါဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Burma VJ ကို ဖြေကြားထားသည်။

Burma VJ သတင်းလင့်ခ် – https://shorturl.at/IukG5

Mizzima သတင်းဌာနတွင်လည်း “ဒီတော်လှန်တပ်တွေ ပြောင်းရွှေ့ခိုင်းတာ ပြန်ဆုတ်ခိုင်းတယ်ဆိုတာက သတင်းတု၊သတင်းမှားသာဖြစ်ပါတယ်။ မနေ့ကထိ အဲ့ဒီ ကံကြီး၊ အုမ္မတီးဘက်မှ အပြန်လှန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြပါတယ်။ တခြားအခြေအနေတွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေး ပါဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက မဇ္ဈိမသို့ ဖြေကြားထားသည်။

Mizzima သတင်းလင့်ခ် – https://shorturl.at/jP6JD

နောင်ချိုမြို့မှ PDF များကို TNLA က ထွက်ခွာခိုင်းခြင်းမရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA) ဥက္ကဌ ကိုထွန်းထွန်းနိုင်က Wai Yan Moe Official ယူကျူ့ချန်နယ်ကို ဖြေကြထားသည်။

Youtube လင့်ခ် -https://shorturl.at/Q95Le

ဒါ့အပြင် DPLA ဥက္ကဌ ကိုထွန်းထွန်းနိုင်သည် သူ၏ ဖေ့ဘွတ်ခ်တွင် ဇွန် ၁၁ရက်က “ဘာ TNLA မှ ကျနော်တို့ DPLA ကိုရော အခြား PDF တွေကိုရော နောင်ချိုတိုက်ပွဲကနေ မောင်းမထုတ်ပါဘူး။ မြေပြင်မှာက လက်ခြင်းချိတ်ပီး နည်းမျိုးစုံနဲ့ကြိုးစားတိုက်ပွဲဝင်နေကြပါတယ်” ဟု ရေးတင်ထားသည်။

လင့်ခ် – https://shorturl.at/rmhUh

သုံးသပ်ချက်

လက်ရှိအချိန်တွင် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ် နောင်ချိုမြို့ကို ရရှိရန် စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း သတင်းမီဒီယာများ၏ သတင်းများအရ သိရသည်။

အထက်ဖော်ပြပါ သတင်းအချက်အလက်စစ်ဆေးမှုများအရ ဖေ့ဘွတ်ခ်ပေ့ချ်အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်း” ဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

အထက်ဖော်ပြပါ သတင်းအချက်အလက်စစ်းဆေးမှုသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ရက် နအထိ မွန်းလွဲပိုင်းအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များဖြစ်သည်။

နောင်ချိုမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်မြေပြင်တွင် နယ်မြေစိုးမိုးမှု အခြေအနေသည် အချိန်နှင့် တပြေးညီ ပြောင်းလဲမှု ရှိနိုင်သဖြင့် ယုံကြည်စိတ်ချရသော သတင်းမီဒီယာက သတင်းများကို ဖတ်ရှုသင့်သည်။

ယနေ့ခေတ် ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...