တောင်ကြီးတွင် ရေကြီးပြီးနောက် မြေပြိုမှုအန္တရာယ်ကို သတိထားနေရ

တောင်ကြီးတွင် ရေကြီးပြီးနောက် မြေပြိုမှုအန္တရာယ်ကို သတိထားနေရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးတွင် ရေဝင်ရောက်မှုကို ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက် ညနေပိုင်းက မြင်တွေ့ရခြင်းဖြစ်သည်။ (ဒေသခံ)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးတွင် ရေဝင်ရောက်မှုကို ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက် ညနေပိုင်းက မြင်တွေ့ရခြင်းဖြစ်သည်။ (ဒေသခံ)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျချောင်းရေကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ပြီး၊ လက်ရှိတွင် မြေပြိုမှုအန္တရာယ်ကို ဒေသခံများ သတိထားစောင့်ကြည့်နေရကြောင်း သိရသည်။

“တော်တော်လေး သတိထားရမယ်ဗျာ။ မိုးဆက်တိုက်ရွာထားတော့ မြေတွေက နူးနေပြီ။ တောင်စောင်းရပ်ကွက်တွေဆို မြေပြိုနိုင်တယ်။ အုတ်တံတိုင်းတွေပြိုနိုင်တယ်ဗျာ။ အပင်ကြီးတွေလည်း မြေဝိတ်နဲ့ ကျိုးနိုင်တယ်” ဟု ဒေသခံတဦးက ပြောသည်။

ဇွန်လဆန်းမှ ယမန်နေ့ (ဇွန် ၁၁) ထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ရာ တောင်ကြီးအနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ ခရေလမ်းထိပ်၊ မိန်းလမ်း၊ လမ်းမတော်၊ ကန်ရှေ့ရပ်၊ သံလွင်လမ်း၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိ၊ ကျောင်းကြီးစု၊ ပြည်တော်သာ၊ ဦးကြီးခမ်း (ညောင်ဖြူစခန်း) ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး၊ အချို့နေရာများတွင် ခါးလောက်ထိ ရေမြုပ်ခဲ့သည်။

ဒေသခံများ၏ပြောပြချက်အရ တောင်ကြီးတွင် တပတ်ခန့် မိုးသည်းထန်စွာရွာသွန်းပါက နှစ်စဉ်နီးပါး ရေကြီးရေလျှံမှုဖြစ်တတ်ပြီး၊ အဓိကအကြောင်းရင်းမှာ မြေကြီးအတွင်းသို့ ရေစိမ့်ဝင်နိုင်သည့်နေရာများ နည်းပါးလာခြင်းကြောင့်ဖြစ်သည်။

“ဆယ်စုနှစ်တွေတုန်းက ရေအဲ့လောက်မကြီးဘူး။ ခုက လူနေအိမ်ခြေများလာတာ။ အဓိက ပြဿနာက အိမ်တိုင်းလိုလိုလည်း ကွန်ကရစ် အပိတ်တွေခင်းလိုက်တော့ ရေထွက်ပေါက် (မြေကြီးမှရေစုပ်ယူနိုင်မှု) ရှားသွားပြီ။ ရွာသမျှရေ မြေထဲမစိမ့်တော့ဘဲနဲ့ ချောင်းထဲဆင်း။ ချောင်းကလည်းကျဉ်းတော့ ရေလျှံ။ အဓိက ပြဿနာ အဲ့ဒါပဲ” ဟု ဒေသခံတဦးက ပြောသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရေကြီးမှုကြောင့် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင် မြေပြိုမှုဖြစ်ပွားကာ နေအိမ်များ ပျက်စီးခဲ့သည်။ ထို့ပြင် ကျောက်တလုံးကြီးဒေသ၊ ထီနဲ့ကျေးရွာနှင့် ထီတမောင်းကျေးရွာများတွင် မြေပြိုမှုကြောင့် နေအိမ် ၂၀ ကျော် ပျက်စီးခဲ့သည်။

သုဿာန်သွားလမ်း၊ မြစိမ်းတောင်စေတီအဆင်းလမ်း၊ အနောက်မြို့ပတ်လမ်းနှင့် ရွှေဘုန်းပွင့်ဘုရားအတက်လမ်းများတွင်လည်း မြေပြိုမှုနှင့် လမ်းများရေတိုက်စားခံရမှုများ ဖြစ်ပွားခဲ့သည်။

ယနေ့တွင် တောင်ကြီးမြို့၌ မိုးအုံ့နေသော်လည်း မိုးရွာသွန်းမှုမရှိတော့သဖြင့် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သည်။ သို့သော် ထိုရေများသည် တောင်ကြီးအောက်ဘက်ရှိ ညောင်ရွှေ၊ သာယော၊ ရွှေညောင်စသည့်မြို့များသို့ စီးဆင်းနိုင်ပြီး၊ နောက်ဆုံးတွင် အင်းလေးကန်အတွင်းသို့ ဝင်ရောက်မည်ဖြစ်သည်။

လက်ရှိတွင် ညောင်ရွှေမြို့အဝင်၊ ညောင်ရွှေစျေး၊ ရွှေညောင် ရွှေဘုံသာရပ်ကွက်၊ ရေနွေးကျေးရွာ၊ သာယောကျေးရွာ၊ ရပ်စောက်မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အင်းလေးကန်သို့ စီးဝင်မည့်ရေများကြောင့် ကန်အတွင်း ရေကြီးမှုဖြစ်ပေါ်နိုင်သည်ဟု ဒေသခံများက စိုးရိမ်နေသည်။ အင်းလေးကန်အနောက်ဘက်တောင်တန်းများတွင် သစ်ပင်ခုတ်လှဲမှုနှင့် စနစ်မကျသည့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုများကြောင့် သစ်တောပြုန်းတီးလာပြီး၊ မိုးရာသီတွင် နုန်းမြေများ ကန်အတွင်းသို့ စီးဝင်နေမှုက ကန်၏မြေသားထုမြင့်တက်လာစေသည်။

Save the Inle Lake အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ယခုနှစ်သည် ယခင်နှစ်များထက် ရေပိုကြီးနိုင်ကြောင်း မဇ္ဈိမသို့ ပြောသည်။ ယမန်နှစ် စက်တင်ဘာလတွင် အင်းလေးကန်တွင် ရေကြီးမှုကြောင့် ရွာပေါင်း ၂၇၀ ခန့် ရေမြုပ်ခဲ့ပြီး၊ ခရမ်းချဉ်သီးနှင့် စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...