စစ်ကောင်စီက တိုက်ပွဲအရှိန်အဟုန်ကောင်းနေသည့် ကျောက်ဖြူကို စစ်တွေမှ ရေကြောင်းဖြင့် စစ်ကူအင်အားရာနှင့်ချီစေလွှတ်

စစ်ကောင်စီက တိုက်ပွဲအရှိန်အဟုန်ကောင်းနေသည့် ကျောက်ဖြူကို စစ်တွေမှ ရေကြောင်းဖြင့် စစ်ကူအင်အားရာနှင့်ချီစေလွှတ်
ဓာတ်ပုံ - CINCDS
ဓာတ်ပုံ - CINCDS

စစ်ကောင်စီက တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ရုံးစိုက်ရာ စစ်တွေမြို့မှ နေဗီများဖြင့် စစ်ကူအင်အား ရာနှင့်ချီစေလွှတ်နေရကြောင်း သတင်းရရှိသည်။

ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အထိနာကျဆုံးမှုများနေသည့်အတွက် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ ညအချိန်က စစ်တွေမြို့မှ ရေကြောင်းကိုအသုံးပြုကာ နေဗီနှစ်စီးဖြင့် စစ်ကူအင်အားရာနှင့်ချီကို ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်သို့ စေလွှတ်ဖြည့်တင်းခဲ့သည်ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောက်ဖြူမှာ အကျအဆုံးများနေတယ်။ ထွက်ပြေးအလင်းဝင်းတဲ့သူတွေများလာတော့ မနေ့ညက နေဗီ နှစ်စီး ကျောက်ဖြူဖက်ကို စစ်ကူလွှတ်လိုက်တယ်။ ဓညဝတီရေတပ်ဌာနချုပ်ကနေ သူတို့ စစ်ကြောင်းပြန်ထိုးမှာလေ" ဟု ပြောသည်။

ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံးနေ၍ စိတ်ဓာတ်ပျက်ပြားနေကြပြီး တရုတ်စီမံကိန်းရင်းနှီးမြှုပ်နှံမှုများသည့် ကျောက်ဖြူကို လက်လွှတ်ဆုံးရှုံးရမည်စိုးရိမ်သဖြင့် စစ်တွေအပါအဝင် ပြည်မဖက်ဖြစ်သည့် ရန်ကုန်မှ လေကြောင်း၊ ရေကြောင်းများဖြင့်လည်း အာရက္ခတပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အင်အားဖြည့်တင်းနေသည်ဟု ကျောက်ဖြူဒေသခံစစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ကြောင်းထိုးတယ်။ AA ကိုတိုက်တယ်။ ကျဆုံးမှုများတယ်။ အင်အားထပ်ဖြည့်တယ်။ တိုက်နေတဲ့သူတချို့ကလည်း အမိန့်ကိုမလွန်ဆန်ရဲလို့ တိုက်နေကြတာ။ ထွက်ပြေးလို့မိရင် အချင်းချင်း အသေသတ်တာမျိုးတွေလည်းရှိတယ်" ဟု ပြောသည်။

စစ်ကောင်စီနေဗီများသည်လည်း ကျောက်ဖြူ-ဇင်ချောင်း-မအီလမ်းရှိ ကမ်းစပ်ကျေးရွာများအား လက်နက်ကြီးကျည်များဖြင့် မကြာခဏပစ်ခတ်မှုပြုလုပ်လျက်ရှိသည်ဟု ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောက်ဖြူနဲ့ ဇင်ချောင်းသွားတဲ့ ကားလမ်းက ရေကမ်းစပ်ဘေးမှာဖြစ်တော့ လက်လှမ်းမီသလောက် လက်နက်ကြီးနဲ့လှမ်းပစ်တာမျိုးရှိတယ်။ ‌လောလောဆယ် ထိခိုက်မှုအကြီးစားမရှိသေးပေမယ့် တောတောင်တွေကို လက်နက်ကျည်ကျတာမျိုးတော့ရှိတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့ထဲမှတဆင့် ကျောက်တလုံးဂိတ်၊ ခမရ (၅၄၃) အပါအဝင် သစ်ပုတ်တောင်တိုက်နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်တို့မှလည်း စစ်ကြောင်းထိုးတက်ကာ AA ကို ထိုးစစ်ဆင်နေကြောင်း မြေပြင်သတင်းအရ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက AA အား ကြည်း၊ ရေ၊ လေ သုံးမျိုးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ သော်လည်း ထိခိုက်ကျဆုံးမှုများ၍ ဖရိုဖရဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူတိုက်ပွဲမှာ မြို့နှင့်မနီးမဝေးတော့သည့် အမှတ် (၃၂) ရဲတပ်ရင်း၏ ခြံစည်းရိုးအနီးအနားထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ တပ်ဆုပ်ထွက်ပြေးနေရသည့်အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...