ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် ဖမ်းဆီးမှုကြောင့် ကျောင်းကြို၊ ကျောင်းပို့လုပ်နေရတဲ့ ကျောင်းသားမိဘတွေ အဖက်ဖက်ကနေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်ခဲများလည်း ဖြစ်ပေါ်လာတဲ့အတွက် ကြပ်မတ်ကြဖို့ ညွန်ကြားခဲ့ပြီးနောက် ကချင်ဒေသမှာလည်း ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။
လတ်တလော ကချင်မှာ အဖမ်းဆီးများတဲ့မြို့တွေက မြို့တော် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီးတွေဖြစ်တယ်လို့ သိရပြီး ခုလိုလိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးခံရမှုကြောင့် ကျောင်းကြို၊ ကျောင်းပို့ဖို့ ခက်လာတယ်လို့ မြစ်ကြီးနားမြို့ခံ ကျောင်းသားမိဘတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“မရှိမယ့် ရှိမယ့် ဝယ်ထားတဲ့ ဆိုင်ကယ်လေးပါမှာကြောက်တော့ သုံးဘီးပေါင်းငှားပြီး ကျောင်းပို့နေရတယ်။ ဟိုနေ့ သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်လည်း အဲဒီဂေါက်ကွင်းရှေ့ ယာဉ်ထိန်းရုံးနား ဖမ်းခံလိုက်ရတယ် ပြန်လည်မရတော့ဘူး။ ခက်ပါတယ်ဆိုမှ ဘေးကြပ် နံကြပ် အမျိုးမျိုးပဲဘာတွေမှန်းကို မသိတော့ဘူး” လို့ ပြောပါတယ်။
ခုလို လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် စစ်ဘေးရှောင်နဲ့အခြေခံလူတန်းစားကျောင်းသားမိဘတွေဟာ ကလေးတွေကိုအချိန်မှီကျောင်းမပို့နိုင်တာတွေရှိလာပြီး တစ်ခြားသူတွေထက် ပိုခက်ခဲလာတယ်လို့ သူကဆက်ပြောပါတယ်။
မြို့နေပြည်သူတွေရဲ့ပြောချက်အရ မြစ်ကြီးနားမြို့ရဲ့ မြို့တွင်းနေရာတစ်ချို့မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လိုင်စင်နဲ့ ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေလုပ်နေပြီး ဗလမင်းထင်နဲ့ မြို့အဝင်/ထွက်နေရာတွေမှာတော့ စစ်သားတွေဖမ်းနေတယ်လို့ သိရပြီး ယာဉ်ပိုင်ရှင်တွေကိုလည်း တစ်ပါတည်းဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“ဗလမင်းထင်အဝင်အထွက်အသေ ဟိုနေ့ကစစ်တယ် မိပြီဆိုရင် လူရော၊ကားရော၊ဆိုင်ကယ်ရော မလွှတ်ပေးဘူး။ဒါပေမယ့် နေ့တိုင်းတော့ မဟုတ်ဘူး တစ်ပတ်မှာ ၄ ရက်လောက်တော့ ဖမ်းတယ်လို့ပြောကြတယ်” လို့ ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းမှီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ ပြဌာန်းလိုက်တဲ့ “ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ”ပုဒ်မ ၈၅ (က) မှာ ဖော်ပြထားချက်အရ လိုင်စင်မဲ့ ကားမောင်းတယ်ဆိုရင် ၃ နှစ်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။
ဒါပေမယ့် အဲဒီထဲမှာ ငွေဒဏ်ကို တိတိကျကျ ဖော်ပြထားခြင်းမရှိတဲ့အတွက် ငွေကျပ်သိန်းပေါင်းများစွာ ဒဏ်ရိုက်လို့ရသလို နောက်တစ်ချက်က အဲဒီပုဒ်မ ပြစ်မှုကျူးလွန်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပုဒ်မအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဆိုလိုချင်တာကတော့ Without မော်တော်ယာဉ်မောင်းတာကို မိတာနဲ့ ရဲကဖမ်းပြီး ချက်ချင်း အချုပ်ထဲထည့်ထားရုံမကပဲ ထောင် ၃ နှစ်၊ အကန့်သတ်မဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမျိုးဖြစ်ပါတယ်။
ဒီဥပဒေကို ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ပြဌာန်းခဲ့တဲ့ မော်တော်ယာဉ်ဥပဒေကို အစားထိုးလိုက်တာလည်းဖြစ်ပါတယ်။
ဒီဥပဒေအရလို့ဆိုကာ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့ရာ မန်းလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းဒေသတွေမှာ အများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်ဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသတွင်း စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲကြောင့် တိုက်ပွဲနယ်မြေက ပြည်သူတွေဟာ ဘေးလွှတ်ရာ တိမ်းရှောင်နေကြရင်း မြို့ပေါ်မှာလည်း စစ်ရှောင်တွေအများအပြား ခိုလှုံနေကြတာဖြစ်ပါတယ်။
စစ်ဘေး၊ ရေဘေး အမျိုးမျိုးကြုံတွေ့နေရတဲ့ဒေသတွေမှာ ယခုလို လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခြင်းက ပြည်သူတွေကို ပိုခက်ခဲကြပ်တည်းသွားစေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။







