လိုင်စင်ပါယာဉ်များ ဈေးကွက်တွင် ဈေးနှုန်းထိုးတက်

လိုင်စင်ပါယာဉ်များ ဈေးကွက်တွင် ဈေးနှုန်းထိုးတက်

လိုင်စင်မဲ့ယာဉ်များကို  လက်ဝယ်မထားရှိရန်နှင့် တင်းတင်းကြပ်ကြပ်လိုက်လံဖမ်းဆီးနေစဉ် မွန်ပြည်နယ်အတွင်း လိုင်စင်ပါ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဈေးနှုန်းမြင့်တက်နေသည်ဟု သိရသည်။

ပုံမှန်အားဖြင့် လိုင်စင်မဲ့နှင့် လိုင်စင်ပါ မော်တော်ယာဉ်များအကြား ဈေးနှုန်းကွာခြားမှုသည် ၁၀ သိန်းဝန်းကျင်သာရှိသော်လည်း  လိုင်စင်မဲ့ယာဉ် အရောင်းအဝယ်ခေတ္တရပ်နားနေစဉ် သိန်း ၅၀ ကျော်အထိ ဈေးနှုန်းကွာခြားသွားကြောင်း ဆိုင်ကယ်ရောင်းဝယ်သူတို့က ဆိုသည်။

ယခင် ဖမ်းဆီးမှုမစတင်မီ မေလအတွင်း  Honda Wave 100  လိုင်စင်ပါ ပါကင်ဆိုင်ကယ်တစ်စီးသည် သိန်း ၅၀ ဝန်းကျင်မှ လက်ရှိတွင်သိန်း ၉၀ ကျော်အထိလည်းကောင်း၊  လူငယ်တို့အများဆုံး စီးနင်းနေသည့် Click 160 ပါကင် တစ်စီးသည် ယခင်သိန်း ၁၀၀ ဝန်းကျင်မှ သိန်း ၁၆၀ ကျော်အထိ ဈေးရှိလာပြီး၊ လိုင်စင်ပါသည့် အခြားယာဉ်အမျိုးအစားများလည်း အလားတူ ဈေးနှုန်းမြင့်တက်လာနေသည်ဟု မော်လမြိုင်မြို့တွင်းရှိ အရောင်းဆိုင်များမှ သိရသည်။

“လိုင်စင်မဲ့တွေ လိုက်ဖမ်းတာများတော့ လိုင်စင်ပါတဲ့ ဆိုင်ကယ်တွေ ဈေးအများကြီးတက်လာတယ်။ အရင်က second hand Click 160 က လိုင်စင်ပါတာ သိန်းရာမပြည့်ဘူး။ အခု second hand က သိန်း ၁၁၅ ကျော်အထိ ဈေးရှိလာတယ်။ လိုင်စင်ပါတာနော်။ လိုင်စင်မဲ့တွေ စီးမရတော့ လိုင်စင်ပါတဲ့တွေကို ဝယ်ကြတယ်” ဟု  ဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

ထိုအတူ  second hand Toyota Probox လိုင်စင်ပါ ကားတစ်စီးအား သိန်း ၂၈၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ခဲ့သော်လည်း ယခုအခါတွင် သိန်း ၄၈၀ ကျော် ပေါက်ဈေးရှိနေသည်။

သို့သော် လက်ရှိတွင် လိုင်စင်မဲ့ယာဉ်ရောင်းဝယ်နေသည့် မွန်လုပ်ငန်းရှင်အများစုတို့ ပေါ်ပေါ်တင်တင်ရောင်းနှံခြင်း မလုပ်ဆောင်နိုင်တော့သည့်အပြင် ယာဉ်အသစ် တင်သွင်းမှုများကိုလည်း ရပ်နားထားရကြောင်း သံဖြူဇရပ်မှ ဆိုင်ကယ်အရောင်းဝယ်လုပ်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“သင်္ကြန်မကျခင်ကဆို ဝယ်တဲ့သူတွေ အရမ်းများတယ်။ အခုဒီလိုလိုက်ဖမ်းတော့ ဝယ်တဲ့သူက ရှိကိုမရှိတော့ဘူး။ ပြီးတော့ ဆိုင်ကယ်တွေကိုလည်း ထပ်မသွင်းရဲဘူး။ အခုက ရပ်နားထားတယ်” ဟု  ပြောသည်။

 စစ်ကောင်စီမှ လိုင်စင်မဲ့ယာဉ်နှင့် ယာယီလိုင်စင်ပါယာဉ်တို့ကို လမ်းမပေါ်တွင် ဖမ်းဆီးစစ်ဆေးနေသည့်အပြင်  လက်ဝယ်မထားရှိရန်လည်း ညွှန်ကြားထားသဖြင့်  ဝယ်ယူထားသည့် ဒေသခံအချို့ ဈေးနှုန်းအဆမတန်လျှော့ချကာ ပြန်လည်ရောင်းချခြင်းတို့ လုပ်ဆောင်လာသည်။

လက်ရှိတွင် စစ်ကောင်စီ ရဲစခန်းတွင် သိမ်းဆည်းခံထားရသည့် ယာယီ၊လိုင်စဉ်မဲ့ ဆိုင်ကယ်တို့ အမျိုးစား‌ပေါ်မူတည်ပြီး ကျပ် သိန်း ၆၀ အထိပေး၍ ပြန်ရွေးယူနေရသည်ဟု ဆိုင်ကယ်သိမ်းဆည်းခံထားရသည့် မွန်ဒေသခံတို့မှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့တွင်လည်း မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့မော်တော်ယာဉ်၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားရှိခြင်းမရှိစေရန် ဇွန်လ ၄ ရက်နေ့ ရက်စွဲဖြင့် ပြည်နယ် သံဃနာယကအဖွဲ့မှ ထုတ်ပြန်ညွှန်ကြားထားသည်။

မော်လမြိုင်မြို့ပေါ်တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေသော်လည်း လိုင်စင်မဲ့ယာဉ်တင်သွင်းမှုတို့ကို တားဆီးနိုင်ခြင်းမရှိဘဲ  စစ်ကောင်စီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့အနေနှင့်လည်း လိုင်စင်မဲ့ယာဉ်များကိုသာ စီးနင်းအသုံးပြုနေသည်ဟု စစ်ကောင်စီနှင့်နီးစပ်သူတို့က ဆိုသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...