မွန်တွင် ဖမ်းဆီးခံ လိုင်စင်မဲ့မော်တော်ယာဥ်များကို သိန်းဂဏန်းဖြင့် ပြန်ရွေးယူရဟု သတင်းထွက်နေ

မွန်တွင် ဖမ်းဆီးခံ လိုင်စင်မဲ့မော်တော်ယာဥ်များကို သိန်းဂဏန်းဖြင့် ပြန်ရွေးယူရဟု သတင်းထွက်နေ

မွန်ပြည်နယ်၊ သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စီမံချက်ဖြင့် ယခုဇွန်လအတွင်း စစ်ကောင်စီ လက်အောက်ခံအဖွဲ့များက လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးနေပြီး အဖမ်းခံရသည့် ယာဉ်များကို ကျပ် ၃ သိန်းမှ သိန်း ၄၀ ကြားပေး၍ ပြန်ရွေးယူနေရသည်ဟု ထိုမြို့နယ်ရှိ ပြည်သူများအကြား သတင်းထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် မေ၂၀ ရက်နေ့တွင် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က နေပြည်တော်တွင်ပြုလုပ်သည့် အစည်းအဝေး၌ လိုင်စင်မဲ့ယာဥ်များကို ဖမ်းဆီးအရေးယူရန် ပြောဆိုခဲ့ပြီးနောက် ဇွန် ၁ ရက်နေ့မှစပြီး တိုင်းနှင့်ပြည်နယ် အများအပြားတွင် အဖမ်းအဆီးများ လုပ်ဆောင်နေခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင်လည်း အဆိုပါ မြို့နယ်များရှိ လူစည်ကားရာ လမ်းဆုံနေရာအပြင် ကျေးရွာ လမ်းနေရာအချို့၌ပါ ဖမ်းဆီးမှုရှိနေသည့်အပြင် လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၃ သိန်းမှ ၅ သိန်းနှင့် မော်တော်ကားတစ်စီးလျှင် သိန်းဆယ်နှင့်ချီအထိပေး၍ ပြန်ရွေးယူနေရသည်ဟု ကိုယ်တိုင်ကြားသိသည့် ကျိုက်ထိုနှင့် ဘီးလင်းမြို့ခံများက ပြောသည်။

ဘီးလင်းမြို့ခံ အမျိုးသမီးတစ်ဦးက “ဘီးလင်းမှာက တစ်နေ့ (ဇွန်လ ၁ ရက်နေ့) က ဖမ်းတာ၊ တစ်ရက်တည်းတင် ဆိုင်ကယ် အစီးသုံးဆယ် ပါသွားတယ်။ တစ်စီးကို သုံးသိန်းနဲ့ ပြန်ရွေးရတယ်လို့ ကြားတယ်။ သထုံမှာက ရွာထဲ လမ်းပေါ်ပါ လိုင်စင်မဲ့ကားတွေ ရဲဖမ်းနေတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ကျိုက်ထိုမြို့နယ်တွင်မူ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်တစ်စီးလျှင် ကျပ် ငွေ ၅ သိန်းအထိ ရွေးယူဈေးပေါက်ပြီး မော်တော်ကားတစ်စီးလျင် သိန်း ၃၀ ဝန်းကျင်အထိ ပေါက်ဈေးဖြင့် ပြန်ရွေးရကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းမလာ လွှတ်မလား နှစ်ခုပဲရှိတယ်။ ဒဏ်မရိုက်ဘူး။ မိရင်ဖမ်းပြီးတာနဲ့ ထောင်ထဲထည့်တာ။ အမှုမဖွင့်ရသေးဘူးဆိုရင်တော့ သူနဲ့ ပတ်သက်ရာပတ်သက်ကြောင်းက လိုက်ရွေးလို့ ပြန်လွှတ်တာလည်းရှိတယ်။ ကျနော်ကြားတာက ဆိုင်ကယ်နဲ့ ဘေးတွဲတစ်စင်းကို ငါးသိန်း ကားကိုကျတော့ သိန်း ၃၀ နဲ့ ပြန်ရွေးရတယ်” ဟု ကျိုက်ထိုမြို့အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ထိုသို့ လိုင်စင်မဲ့မော်ယာဥ်များကို ဆက်တိုက် အဖမ်းအဆီးကြမ်းနေမှုကြောင့် ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသည့် လုပ်ငန်းအများစု ရပ်ဆိုင်းထားရသလို ရွာမှာ မြို့ပေါ်သို့ ဈေးသွားဈေးလာ စသဖြင့် အသွားအလာ ကျဲပါးနေသည်ဟု မြို့ခံအသိုင်းအဝိုင်းက ဆိုသည်။

အလားတူ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ အသုံးပြုမှုများသည့် ကရင်ပြည်နယ်ဘက်တွင်လည်း အဖမ်းအဆီး ပြုလုပ်နေပြီး ပရဟိတကားများကိုပါ ဖမ်းဆီးနေခြင်းကြောင့် လှုမှုရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

စစ်ကောင်စီပြန်ကြားရေးဘက်က ထုတ်ပြန်ချက်များအရ စစ်ကောင်စီဥက္ကဌ၏ ညွှန်ကြားချက်ပြီးနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ကြီးမှူးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ကာ အဆိုပါစီမံချက်ကို အကောင်အထည်ဖော်နေကြခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...