တီးတိန်မြို့နယ် မွာလ်ပီးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့

တီးတိန်မြို့နယ် မွာလ်ပီးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့

ချင်းတောင်ကို စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီစစ်တပ်များမှ ဒီရက်ပိုင်းအတွင်း တီးတိန်မြို့နယ် မွာလ်ပီးရွာရှိ လူနေအိမ်များ မီးရှို့နေတယ်လို့ အတည်ပြုနိုင်ပြီဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနဲ့ နီးစပ်သူတစ်ဦးမှ Chin World Media ကို ပြောပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနဲ့ နီးစပ်သူတစ်ဦးက အခြေအနေကို အခုလိုရှင်းပြပါတယ်။

“မေလ ၂၇ နေ့ကစပြီး မွာလ်ပီးရွာဘက်ကနေ မီးခိုးတွေတက်လာတာ တွေ့ရတယ်။ အစမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို မီးသဂြိုလ်တာဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် မီးခိုး တက်လာပုံတွေကြည့်တော့ နေအိမ်တွေ မီးရှို့တယ်ဆိုပြီး အတည်ပြုဖြစ်တာပါ။ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ စစ်တပ်တွေကြား တိုက်ပွဲက မနားဘူး။ မွာလ်ပီးရွာကနေ စစ်ကောင်စီ စစ်တပ်တွေ ထပ်မတက်လာအောင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်း ခုခံနေပါတယ်”

မေလ ၁၉ ရက်နေ့မှာ ကလေးမြို့ကနေ ချင်းတောင်ကို ဦးတည်ချီတက်လာတဲ့ အင်အား ၈၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းရတဲ့ စစ်ကောင်စီတပ်ကို CDF-CDM-Siyin တပ်ဖွဲ့ အပါအဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မေလ ၂၁ ရက်နေ့ကနေ လမ်းမှာ စတင်ခုခံတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ခုခံတိုက်ခိုက်နေဆဲဖြစ်တယ် လို့ CDF-CDM-Siyin တာဝန်ရှိသူတစ်ဦးက Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

“ယခု ဖြစ်ပွားတဲ့ စစ်ကောင်စီ စစ်တပ်တွေကို ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲမှာ Chinland Council တပ်ဖွဲ့တွေရော၊ Chin Brotherhood တပ်ဖွဲ့တွေပါ ပူးပေါင်းပြီး ခုခံနေပါတယ်။ ချင်းပြည်ကာကွယ်ရေးအတွက် CC, CB ပူးပေါင်းစစ်ဆင်ခဲ့တဲ့ တိုက်ပွဲပါ။ တိုင်းပြည်အတွက် သူရဲကောင်း Tg Suan Van Mung က သူ့မှာ တခုတည်းသာရှိတဲ့ သူအသက်ကို ပေးလှူခဲ့ပါပြီ” လို့လည်း CDF-CDM-Siyin တာဝန်ရှိသူမှ Facebook မှာ ရေးသားထားပါတယ်။

အိမ်ခြေ ၇၀ ခန့်ရှိတဲ့ မွာလ်ပီးရွာဟာ ကလေး-သိုင်းငင်း-တီးတိန် လမ်းမပေါ်ရှိ တောင်ခြေဘက်အကျဆုံး တောင်ပေါ် ရွာဖြစ်ပြီး ကလေးမြို့မှ ၈ မိုင်ခန့် အကွာမှာ တည်ရှိပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ပွဲအခြေအနေကြောင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက် ကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...