စစ်တွေမြို့ပေါ်တွင် ရဲနှင့်စစ်သား အများအပြား ချထားသည့်ကြားက မျက်နှာဖုံးစွပ်ထားသူအချို့မှ နေအိမ်များကို အနုကြမ်းစီး ဓားပြတိုက်မှုများ ဖြစ်ပေါ်နေဟုဆို

စစ်တွေမြို့ပေါ်တွင် ရဲနှင့်စစ်သား အများအပြား ချထားသည့်ကြားက မျက်နှာဖုံးစွပ်ထားသူအချို့မှ နေအိမ်များကို အနုကြမ်းစီး ဓားပြတိုက်မှုများ ဖြစ်ပေါ်နေဟုဆို

ရခိုင်ပြည်မြို့တော် စစ်တွေသည်လက်ရှိအချိန်ထိ စစ်ကောင်စီအုပ်ချုပ်ရေး ရှိနေသေးသလို မြို့ပေါ်တွင်လည်း ရဲသားနှင့် စစ်သား အင်အားအများအပြားဖြင့် လုံခြုံရေးတိုးမြှင့်ချထားသော်လည်း မျက်နှာဖုံးစွပ်ထားသူအချို့ကနေအိမ်များကို ဖောက်ထွင်း၍  အနုကြမ်းစီး ဓားပြတိုက်မှုများရှိနေကြောင်း လုံခြုံရေးအရအမည်မဖော်လိုသူ စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ ိုပြောသည်။

" ခိုးတာကတော့ မပြောတော့ဘူး။နေ့တိုင်းရှိတယ်။ တိုက်တွေနေအိမ်တွေဖောက်ထွင်းခံရတာကြာပြီ။ အခုက မနေ့ကလည်း မိုးတအားရွာတယ်ဒီနေ့လည်းရွာတယ်။ တစ်ယောက်နဲ့တစ်ယောက် အော်ခေါ်ရင်တောင်မကြားရဘူး။ ကျမတို့ အိမ်နီးချင်းအိမ်ကို မျက်နှာဖုံးစွပ်ပြီး လူတစုဝင်လာတယ်။ ပြီးတော့ဓားထောက်ပြီး ‌လိုချင်တာတောင်းတယ်။ ရွှေငွေပိုက်ဆံတွေ။ ပေးလိုက်တော့ ပြန်ထွက်သွားတယ်။ လူကိုတော့အန္တရာယ်မပေးသွားဘူး" ဟု ပြောသည်။

၎င်းဖြစ်ရပ်မှာမေ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး တစ်ခြားရပ်ကွက်တချို့တွင်လည်း မျက်နှာဖုံးစွပ်ထားသည့် လူတစ်စု၏ အနုကြမ်းစီးမှု၊ ဓါးပြတိုက်မှုနှင့် အိမ်ဖောက်ထွင်းခိုးယူမှုများ ရှိနေသည်ဟု သူမက ပြောဆိုသည်။

“စစ်တွေမှာခုလိုမျိုးခိုးဆိုးလုယက်တာတွေ ဖြစ်နေတာကြာပြီ။ မင်းမဲ့စရိုက်တွေနဲ့ ကျူးလွန်နေတဲ့ သူတွေကိုကြောက်နေရတယ်။ မြို့ဆင်ခြေဖုံးရပ်ကွက်တွေသာမက မြို့ထဲကလမ်းမတော်ရပ်ကွက်၊ အိုးတန်း၊ကျေးပင်ကြီး၊မောလိပ်ရပ်ကွက်တွေမှာတောင်ဖြစ်နေတာ။သူတို့အုပ်ချုပ်နေတဲ့ကာလမှာသူတို့သာပြည်သူတွေကို အမှန်တကယ် ချစ်ခင်ကြင်နာရင်တရားမျှတအောင်ဆောင်ရွက်ပေးရမယ်။ ကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူပေးရမယ်။ စစ်တွေတမြို့လုံးမှာ စစ်သားတွေရဲသားတွေအများကြီးလုံခြုံရေးရှိပါလျက်နဲ့ ဒီလိုဖြစ်နေတာက စဉ်းစားစရာပဲ" ဟု သူမကပြောသည်။

စစ်တွေမြို့တွင် ဒေသခံပြည်သူများစားဝတ်နေရေးကျပ်တည်း၍ဒုက္ခမျိုးစုံဖြင့် ကြုံနေရချိန်တွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသည့်အတွက် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း စစ်တွေမြို့မှ လူကြီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဘယ်လိုပဲဖြစ်ဖြစ် သတိဝိရီယ အမြဲရှိရမယ်။ တံခါးတွေကိုသေချာပိတ်။ဘယ်သူတံခါးလာ ခေါက် ခေါက် ဖွင့်မပေးတာအကောင်းဆုံး။ လူတွေကလည်းငတ်ပြတ်လာတယ်။ဆေးသမားတွေလည်းပေါတယ်။ စစ်တွေမှာ အစကတည်းက တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတာ။ရဲကိုတိုင်လည်းမထူးဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ခိုးမှုအပြင် ဓားပြမှုများပါ ဖြစ်လာသည့်အတွက် စစ်ကောင်စီအနေဖြင့်  ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးသင့်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေမြို့တွင်ဒေသခံများ၏ နယ်ဖက်သို့ ခရီးသွားလာခွင့်ကိုလည်း စစ်ကောင်စီမှ တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ထားပြီး တွေ့ရှိလျှင်လည်း ဖမ်းဆီးကာ ငွေညှစ်တောင်းခံမှုများရှိနေသည်ဟု ဒေသခံများကပြောသည်။

စစ်တွေမြို့တွင်စစ်တွင်းကာလတွင် ဒေသခံများအားဖမ်းဆီးခြင်း၊ နေအိမ်များဖောက်ထွင်းခိုးယူခြင်း၊ ဓားပြတိုက်ခြင်းများပါ ဖြစ်လာသည့်အတွက်  စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း မြို့ခံများက ပြောသည်။

စစ်တွေမှ ပြင်ပနေရာများသို့သွားလာရန် လေကြောင်းတစ်ခုကိုသာစစ်ကောင်စီက ခွင့်ပြုထားပြီး  စစ်တွေ-ရန်ကုန်တစ်ခုတည်းကိုသွားလာမှုရှိကာ ရန်ကုန်သို့သွားပြီး စစ်ရှောင်သူများရှိနေသလို ရန်ကုန်တွင် စားဝတ်နေရေး အဆင်မပြေ၍ စစ်တွေသို့ ပြန်လာသူများလည်းရှိကြောင်း သိရသည်။

တိုက်ပွဲများငြိမ်သက်‌နေသည့် စစ်တွေမြို့တွင် စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများမှ ယခု မေလအတွင်းလက်နက်ကြီးပစ်ခတ်မှုများလည်း ထွက်ပေါ်နေသဖြင့် မြို့ခံများမှာ စိုးရိမ်မှုများ ရှိနေကြကြောင်းသိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...