ဂွက စစ်ဘေးရှောင်နှစ်သောင်းနီးပါး စားနပ်ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ

ဂွက စစ်ဘေးရှောင်နှစ်သောင်းနီးပါး စားနပ်ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ

ပုံစာ - ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက ဂွမြို့နယ်မှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ။

မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာနေရာအသီးသီး၌ ထွက်ပြေးခဲ့ရသည့် ရခိုင်ပြည်၊ ဂွမြို့မှ စစ်ဘေးရှောင် နှစ်သောင်းနီးပါးမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဂွမြို့နယ်တွင် လူမှုကူညီရေးအသင်းအဖွဲ့များ နည်းပါးပြီး အလုပ်အကိုင်လည်း ရှားပါးသည့်ထဲ ကုန်ဈေးနှုန်းပါ မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များမှာ ပို၍ အခက်အခဲနှင့် ကြုံတွေ့နေကြရသည်။

ဂွမြို့နယ်က စစ်ဘေးရှောင်များမှာ အရေပြားယားနာ ရောဂါများဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပြီး ကလေးသူငယ်များတွင် အများဆုံးဖြစ်နေကာ ဆေးဝါးအကူအညီများ လိုအပ်ချက်မြင့်မားနေကြောင်း သိရသည်။

“ဂွမြို့နယ်မှာက မြို့ခံတွေက နေရပ်ပြန်လို့မရသေးဘူး။ ကျေးလက်တွေမှာပဲ စစ်ဘေးရှောင်နေရတုန်းပဲ။ သူတို့က စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ်ချက်တွေ ရှိနေတယ်။ ဂွမှာက NGO၊ CSO တို့လည်း ကူညီကြတာမရှိဘူး။ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေကပဲ အလှူခံပြီးတော့ စစ်ဘေးရှောင်တွေကို ကူညီနေကြရတာ။ အဓိကတော့ ဂွဖက်မှာက ကုန်‌ဈေးနှုန်းတွေ အဆမတန် မြင့်တက်မှုတွေကြောင့်လည်း စစ်ရှောင်တွေက ပိုပြီး ကျပ်တည်းမှုရှိကြတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိ ဂွမြို့နယ်တွင် ဆန်ပြည် ၂၀ ပါတစ်အိတ်လျှင် ငွေကျပ် ၁ သိန်း ပေါက်ဈေးရှိပြီး စားသုံးဆီမှာလည်း ၅ ဂါလံဆံ့ တစ်ဗူးလျှင် ငွေကျပ် ၂၃၀,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိကာ အခြားကုန်စည်များမှာလည်း ရခိုင်မြောက် ပိုင်းထက် ဈေးနှုန်းနှစ်ဆခန့် မြင့်တက်နေသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီ နေဗီများကြောင့် ဂွမြို့နယ်က ဒေသခံများမှာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို အပြည့်အဝ မလုပ်ကိုင်နိုင်ဘဲ ကမ်းနီးမှာ အချိန်ပိုင်းနှင့်သာ လုပ်ကိုင်နေကြရသည်။

ဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ပင်လယ်ငါးဖမ်းလုပ်ငန်းမှာလည်း ကောင်းစွာမလည်ပတ်နိုင်သဖြင့် ဂွမြို့နယ်က ဒေသခံများမှာ လူမှုစီးပွားဘဝအတွက် အကျပ်အတည်းဖြစ်ပေါ်နေကြရသည်။

“ငါးကတော့ စီးပွားဖြစ် ဖမ်းလို့မရဘူး။ ကမ်းဝေးသွားဖမ်းလို့ မရဘူး။ ကမ်းနီးလောက်ပဲ အချိန်ပိုင်း ဖမ်းကြရပြီး စားဝတ်နေရေးအတွက် ဖြစ်သလို ဖြေရှင်းနေကြရတယ်။ အဆင်ကတော့ မပြေကြဘူး။ တစ်နေ့ ငါးရှာလို့ရတာနဲ့ ကုန်ဈေးနှုန်း ကြီးမားမှုတွေကြောင့် သိပ်အဆင်မပြေကြဘူး” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်က ဂွမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှစ၍ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်သော်လည်း ဂွမြို့နယ်နှင့်အစပ် ဧရာဝတီတိုင်းတွင် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ရေးဖော်ဆောင်လျက်ရှိသည်။

ယင်းကြောင့် ဂွမြို့ပေါ်မှ ဒေသခံများမှာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်မရသေးဘဲ ကျေးလက်ဒေသများ၌ ဖြစ်သလိုနေထိုင်ကာ အိမ်ပြန်ရမည့်နေ့ကို စောင့်မျှော်နေကြသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...