လုံးခင်းကိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့ဘက် ဦးတည်ထွက်ခွာ

လုံးခင်းကိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့ဘက် ဦးတည်ထွက်ခွာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ မနက် ၉ နာရီအချိန်လောက်က ဖားကန့်မြို့ဘက် ဦးတည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ  လုံးခင်း-ဖားကန့် လမ်းအတိုင်း ခြေလျင်နဲ့ စစ်ကြောင်းထိုးနေတာလို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီမနက် လုံးခင်းမှာရောက်နေတဲ့ စစ်ကောင်စီတပ်တွေ ဖားကန့်ဘက်သွားဖို့ လမ်းဖွင့်ခိုင်းနေတယ်တဲ့။ KIA တွေလည်း ဖွင့်ပေးလိုက်တယ်။ မဖွင့်ပေးရင်လုံးခင်းကို လေယာဉ်နဲ့ပစ်မယ်လို့ပြောလို့ လမ်းဖွင့်ပေးမှာတဲ့" လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အထက်ပါ KIA နဲ့ နီးစပ်တဲ့အမျိုးသားရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အထက်ပါစစ်ကြောင်းကနေ လမ်းပေါ်တွေ့ရှိတဲ့သူတွေကို ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း ဖားကန့်ဒေသခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မနေ့က မဇွမ်ယန်ထောင်ကို ဝင်သွားတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းလည်း ပြန်ထွက်လာနေပြီး ဘယ်ဘက်ကို ဦးတည်သွားလဲဆိုတာ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

လုံးခင်းက စစ်ကောင်စီ အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ ရွာမိန်းလမ်းအတိုင်း ဖားကန့်ဘက်ကို တက်နေကြတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လုံးခင်းကနေ ဖားကန့် ဗျူဟာကုန်းဘက် တက်လာနေကြတယ်။ ဖားကန့်မဝင်သေးဘူး။ မှော်စီစာ တစ်လျှောက်မှာပဲရှိသေးတယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

 မနေ့က စစ်ကောင်စီတပ်သားတွေဟာ လုံးခင်းတံတားဟောင်းထိပ်မှာ လမ်းသွားလမ်းလာ ဒေသခံပြည်သူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေရှိခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားချိန် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံခဲ့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။

မေလ ၂၇ ရက်နေ့က ယမ်းချက်စက်ရုံက စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ခွန်ဆာကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့ မေလ ၂၆ ရက်နေ့က တံတားညီနောင်ကျေးရွာအထိ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လုံးခင်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံအထိ ဆက်လက်ချီတက်ခဲ့ပြီး လုံးခင်းကျေးရွာအထိ ဆက်လက်ဝင်ရောက်လာကြတာပါ။

စစ်ကောင်စီဟာ ဖားကန့်ဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ မေလ ၄ ရက်နေ့ကစပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို အင်အားရာကြီးပိုင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA/KPDF ပူး‌ပေါင်းတပ်တွေကနေ ကြားဖြတ်ခုခံတိုက်နေတာလည်း ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...