ကျန်းမာရေးထက် ဝမ်းရေးခက်နေကြသူများ

ကျန်းမာရေးထက် ဝမ်းရေးခက်နေကြသူများ

ပုံစာ - လုပ်ငန်းခွင်ထဲသွားနေကြသည့် ကျောက်တော်မြို့က စစ်ဘေးရှောင်အမျိုးသမီးများအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။

အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများနှင့်အတူ စစ်ကောင်စီ ဖြတ်လေးဖြတ် ပိတ်ဆို့ခံထားရသည့် ရခိုင်တွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ဒေသခံများမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ခံစားနေကြရသည်။

ထိုဒဏ်ကို သာမန်လူများထက် အခြေခံလက်လုပ်လက်စားနှင့် စစ်ရေးကြောင့် အိုးအိမ်စွန့်ခွာနေကြရသူများက ပို၍ ရင်ဆိုင်ကြုံတွေ့ကြရသည်။

မိသားစု ထမင်းနပ်မှန်ရေးအတွက် အမျိုးသား၊ အမျိုးသမီးမကျန် အလုပ်လုပ်ကိုင်သူတိုင်း ရရာအလုပ်ကို လုပ်ကိုင်နေရ၍ အမျိုးသမီးများမှာ မိမိကျန်းမာရေးအတွက်ကိုပင် အလေးမထားနိုင်ကြပေ။

“ဓမ္မတာ လာနေလို ဗိုက်က တအားနာနေပေမယ့် အလုပ်သွားလုပ်ရတယ်။ ကျမ အလုပ်လုပ်တာက ငါမွေးမြူရေး ကန်မှာ။ ဓမ္မတာ လာနေပေမယ့် အဲဒီကန်ထဲမှာ ဆင်းပြီး အလုပ်လုပ်ရတယ်။ လုပ်နေရင်း တစ်ကိုယ်လုံး ဆားရည်တွေစိုနေတော့ ဗိုက်က ပိုနာလာတာပေါ့။ စားဝတ်နေရေးအတွက် နေမကောင်းပေမယ့် လုပ်ကိုင်ရတယ်” ဟု ပေါက်တောမြို့နယ်မှ ဒေါ်သန်းသန်းနွယ်က ပြောသည်။

အရွယ်ရောက်သူ အမျိုးသမီးတိုင်း လစဉ် ဓမ္မတာလာခြင်းကြုံကြရပြီး ထိုကာလတွင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုဒဏ်ခံစားရသဖြင် သက်သင့်သက်သာ အနားယူကြရသည်။

သို့သော် စစ်ဘေးရှောင်နှင့် အခြေခံလက်လုပ်လက်စား အမျိုးသမီးများမှာ ထိုအတွက်ပင် အခွင့်မသာဘဲ တစ်နေ့တာမိသားစု ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရသည်။

စစ်ရေးကြောင့် ဘေးလွတ်ရာနေရာအသီးသီး၌ တိမ်းရှောင်နေကြသည့် ရခိုင်က စစ်ဘေးရှောင်များမှာ အကူအညီရရှိမှု နည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြားမှာ ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်နေကြရသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဓမ္မတာလာတဲ့နေ့တွေဆို အိပ်ရာမှာပဲ အေးအေးဆေးဆေး နေချင်တယ်။ ဒါပေမဲ့ အခြေအနေက ဒီနေ့မှ အလုပ်မလုပ်ရင် ဘာနဲ့စားသောက်မလဲ။ စစ်ဘေးရှောင်နေရတော့ မိသားစုအရေးကအစ ပုံမှန်ထက် အစစအရာရာ စိတ်ပင်ပန်းရတယ်” ဟု ပြောသည်။

ဓမ္မတာလာချိန်ရက်များတွင်လည်း အမျိုးသမီးများအတွက် မရှိမဖြစ်လုပ်အပ်သည့် လစဉ်သုံးပစ္စည်းများမှာ ယခင်ထက် ဈေးနှုန်းမြင့်တက်နေသဖြင့် စစ်ဘေးရှောင်အမျိုးသမီးများနှင့် အခြေခံလက်လုပ်လက်စား အမျိုးသမီးများအတွက် ပိုခက်ခဲနေရသည်။

ယခင်က လစဉ်သုံးပစ္စည်းတစ်ထုပ်လျှင် ငွေကျပ် ၈၀၀ ကျပ်မှ ၂,၅၀၀ ကျပ်အထိသာ ရှိခဲ့သော်လည်း ယခုအခါ ငွေကျပ် ၄,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေ၍ ဝယ်ယူမသုံးစွဲနိုင်ကြပေ။

“စစ်ရှောင်စခန်းမှာ နေတာဆိုတော့ သိတဲ့အတိုင်း အဝတ်အစားလည်း လုံလုံလောက်လောက် သိပ်မရှိဘူး။ တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာလည်း သိပ်ပြီး အလေးမထားနိုင်ကြဘူး။ လစဉ်သုံးကလည်း ဈေးကြီးတော့ ပုံမှန် လစဉ်သုံး ပစ္စည်းတစ်ခုကို ငါးနာရီလောက်ပဲ သုံးရတာကို တစ်ရက်လုံးသုံးပြီး နေရတယ်။ အလုပ်လုပ်တဲ့အခါလည်း သိပ်အဆင်မပြေဘူး” ဟု ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

စားဝတ်နေရေးက ကြီးလေးသော ဝန်ထုပ်ဖြစ်နေသည့် လက်ရှိကာလတွင် စစ်ရေးကြားက အမျိုးသမီးများအတွက် ကျန်းမာရေးကိစ္စမှာလည်း ထည့်တွက်စဉ်းစားရမည့်အခြေအနေ ပေးမနေခြင်းက စိုးရိမ်စရာကောင်းနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...