တကြော့ပြန်တိုက်ပွဲကြောင့် ဆောင်းပြောင်းကျေးရွာဒေသခံများ ရွာလုံးကျွတ် ထပ်မံတိမ်းရှောင်ကြရ

တကြော့ပြန်တိုက်ပွဲကြောင့် ဆောင်းပြောင်းကျေးရွာဒေသခံများ ရွာလုံးကျွတ် ထပ်မံတိမ်းရှောင်ကြရ
Khun Thu Sein (Facebook)
Khun Thu Sein (Facebook)

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာဒေသခံတွေဟာ တကြော့ပြန်တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထပ်မံတိမ်းရှောင်နေကြရတယ်လို့ ပအိုဝ်းလူငယ် အဖွဲ့အစည်းဆီကနေ သိရပါတယ်။

ဒေသခံတွေဟာ မြေပြင်မှာ နှစ်ဖက်တိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကစပြီး တိမ်းရှောင်ကြတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဟုတ်တယ် ပင်လောင်း ဆောင်းပြောင်းဖက်ပေါ့နော်။ တကြော့ပြန် တိုက်ပွဲပြန်ဖြစ် နေတယ်ပေါ့လေ။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကစပြီး ပြန်ဖြစ်တယ်။ မြေပြင်တိုက်ပွဲတွေ ပြင်းထန်တော့ စစ်ကောင်စီဖက်တွေက လက်နက်ကြီးတွေ လေကြောင်းတွေ တအားသုံးတာပေါ့နော်။ ဆိုတော့ ဆောင်းပြောင်းဒေသခံတွေအနေနဲ့က တိုက်ပွဲ စဖြစ်တဲ့ ၁၇ ရက်နေ့မနက်မှာပဲ ရှောင်ကြတယ်။ အခုတော့ ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်“ လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ထပ်မံတိမ်းရှောင်ကြတဲ့ ဆောင်းပြောင်းဒေသခံတွေဟာ ပင်လောင်းမြို့ပေါ်နဲ့ ပင်းလောင်းအနီးတဝိုက်က ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

လူထုတွေဟာ စစ်ရှောင်ကြတဲ့ အတွေ့အကြုံရှိဖူးပေမဲ့ လက်ရှိ ထပ်မံတိမ်းရှောင်ရာမှာလည်း လိုအပ်ချက်တွေ များပြားနေပြီး အကူအညီတွေ လိုအပ်နေဆဲပဲလို့ အဆိုပါ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

“လူထုတွေက မနှစ်က တိမ်းရှောင်ကြတဲ့ အတွေ့အကြုံရှိပေမဲ့ အခုက မထင်မှတ်ပဲ တိုက်ပွဲပြန်ဖြစ်တဲ့ ပုံစံဖြစ်နေတော့ လူထုတွေက ဆန်၊ဆီ၊ဆား ကအစ မသယ်မီလိုက်တာတွေ ရှိတာကိုတွေ့ရတယ်။ အဲ့ဒါ တိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေကတော့ ထမင်းဟင်းချက်ဖို့ အိုးခွက်ပန်းကန်ကအစ မပါလာတာ လိုအပ်နေကြတာကော မြင်တွေ့နေရတယ်ပေါ့နော်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ နဲ့ ပြည်သူ့စစ် PNO တို့နဲ့ တော်လှန်ရေးကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆောင်းပြောင်းကျေးရွာ နဲ့ အနီးအနားကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ အတွင်းကစပြီး ရက်ရှည်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိမှာ နောက်တစ်ကြိမ် ထပ်မံတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဆောင်းပြောင်း ကျေးရွာမှာတော့ အိမ်ခြေ ၁ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...