စစ်ကောင်စီက ဟားခါးမြို့မှ ပြည်သူများ ထွက်ခွါခွင့်ပိတ်ထားဟုဆို

စစ်ကောင်စီက ဟားခါးမြို့မှ ပြည်သူများ ထွက်ခွါခွင့်ပိတ်ထားဟုဆို
ဟားခါးမြို့တွင်းတစ်နေရာ (ပုံဟောင်း)
ဟားခါးမြို့တွင်းတစ်နေရာ (ပုံဟောင်း)

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများကို မြို့ပြင်သို့ ထွက်ခွါခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးထာရ် ၆ လမ်းဆုံ စစ်ဆေးဂိတ်မှ မည်သူမျှ ဖြတ်သန်းခွင့်မပြုတော့ဘဲ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း ကားလမ်းများကို ပိတ်ပင်ထားသည်ဟု သိရသည်။

“ဒီနေ့ကစပြီး မြို့ကနေအထွက် အကုန်ပိတ်တာ၊ သွားလို့မရဘူး။ အဝင်တော့ရတယ်နဲ့တူတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲတော့ မပြောတတ်ဘူး။ အခုတလော စစ်သားတွေ ထွက်ပြေးကြတာများလို့ ပိတ်တာလို့ကြားတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။

သို့သော်လည်း ဟားခါးမြို့ထဲသို့ ဝင်လာမည့်သူများကိုမူ ခွင့်ပြုထားသည်ဟု သိရသည်။

“ဟားခါး- ဂန်ဂေါလမ်းကို ဟားခါးမြို့အဝင် စစ်ဆေးရေးဂိတ်မှ ဟားခါး-ဂန်ဂေါကြား ကျောအထိ အဝင်/အထွက် အကုန်လုံးကို ပိတ်တာလို့ပြောတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ပိတ်တာ။ ဖလမ်းဘက်ရောပဲ ၆ လမ်းဆုံကနေ အထွက်ပိတ်တာ။ တောင်ယာသွားတာလဲခွင့်ပြုမယ် မထင်ဘူး။ အထွက်ကိုခွင့်မပြုတာ” ဟု ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် တပ်မှထွက်ပြေးပြီး CDF - Hakha တပ်ဖွဲ့ထံ အလင်းဝင်သူရှိနေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နှင့် ‌၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး စုစုပေါင်း ၃ ဦးသည် CDF - Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၇ ယောက်သည် CDF - Hakha ထံ အလင်းဝင်ခဲ့သည့်အပြင် စစ်သားနှင့်ရဲ ၅ ဦးကို အရှင်ဖမ်းမိထားကြောင်း CDF - Hakha က ထုတ်ပြန်ထားသည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...