တောင်ငူ-သံတောင် လမ်းမဖွင့်လို့ ဈေးသွားဈေးလာသုံးရသည့် ထုံးဘိုကြီး-ရေတာရှည်လမ်းကို စစ်ကောင်စီ ထပ်ပိတ်

တောင်ငူ-သံတောင် လမ်းမဖွင့်လို့ ဈေးသွားဈေးလာသုံးရသည့် ထုံးဘိုကြီး-ရေတာရှည်လမ်းကို စစ်ကောင်စီ ထပ်ပိတ်

ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၂)၊ တောင်ငူခရိုင်၊ လိပ်သို-သံတောင်-တောင်ငူ လမ်းမကြီး ပြန်မဖွင့်သေးသဖြင့် ဒေသခံများ ကုန်ပစ္စည်းနှင့် ရိက္ခာဝယ်ယူရန် လတ်တလော အသုံးပြုနေရသည့် ထုံးဘိုကြီး - ရေတာရှည်လမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် မေလ ဒုတိယအပတ်မှစကာ ဖြတ်သွားခွင့်မပေးဘဲ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

လုံခြုံရေးအခြေအနေကြောင့် လိပ်သို-သံတောင်-တောင်ငူ လမ်းမကြီးကို KNU တပ်မဟာ (၂) ဘက်က ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစတင်ကာ အကန့်အသတ်မရှိ ပိတ်ထားခြင်းဖြစ်ပြီး အရေးပေါ်ကိစ္စအတွက် သွားလာလိုသူများမှာ ရွာချင်းဆက်တောလမ်းအချို့ကို အသုံးပြုနေရသည်။

ယင်းတွင် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ထုံးဘိုကြီးရွာမှ ရေတာရှည်မြို့နယ်အတွင်းရှိ ရေတာရှည်-ဆွာ-မြို့လှ-ရေနီ အထိပေါက်သည့် လမ်းလည်းတစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါလမ်းကိုလည်း စစ်ကောင်စီက မေလ ဒုတိယအပတ်မှစတင်ကာ ပိတ်လိုက်ကြောင်း နယ်ခံရွာသားတစ်ဦးကပြောသည်။

“ခရိုင်ချင်းဆက်လမ်းလို့လည်း သိကြတယ်။ လိပ်သို-တောင်ငူလမ်းကနေ ထုံးဘိုကြီးကိုဖြတ်ပြီး အဲဒီလမ်းကနေသွားရင် ဆွာ၊ သာဂရ၊ ရေနီဘက်ကို သွားတဲ့လမ်းရှိတယ်။ သူများတွေ ကုန်တွေ ဥပမာ - ဆန်၊ ဆီ၊ ဆား ဝယ်ဖို့သုံးကြတယ်။ ဒီ ၁၅ ရက်နေ့လောက်ကတည်းက စစ်ကောင်စီဘက်က ပိတ်တာ။ လူတွေ ဒုက္ခရောက်အောင်လုပ်တဲ့သဘောပေါ့” ဟု အဆိုပါရွာသားက ကေအိုင်စီသို့ ပြောသည်။

ဒေသတွင်း ကုန်ပစ္စည်းဝယ်ယူရေး၊ ခရီးသွားလာရေးအပြင် စစ်ကောင်စီ၏ ရိက္ခာနှင့် အင်အားဖြည့်တင်းရေးအတွက် အဓိကသုံးနေရသော သံတောင်-တောင်ငူလမ်းမကြီးကို KNU ဘက်က ပိတ်ထားသည့် ၁၈ ရက်တာကာလတွင်လည်း ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကို ဒေသခံများ ရင်ဆိုင်နေရသည်။

သံတောင်ကြီးမြို့နေ အမျိုးသမီးတစ်ဦးက “ဆိုင်ကယ်ဆီဆို လမ်းပိတ်ပြီးနောက်ရက် တစ်လီတာ တစ်သောင်းအထိ ဈေးတက်တယ်။ ရောင်းတဲ့သူတွေက တောလမ်းကိုပတ်ပြီး ဟိုးအဝေးကြီးကနေ သွားဝယ်လာရတယ်။ တချို့ကျတော့ ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး တောင်ငူလမ်းကနေလာတဲ့ ဈေးသည်တွေ ဈေးလာရောင်းကြတယ်။ ဒါပေမဲ့ ဒီတစ်ရက်နှစ်ရက် မလာတော့ဘူး။ အခုက ဆိုင်တွေတော်တော်များများ ရောင်းကုန်သွားပြီ။ ကျမတို့က‌တော့ တစ်လစာလောက်ရဦးမယ်” ဟု ဆိုသည်။

ထို့အပြင် သံတောင်ကြီးမြို့အခြေစိုက်သည့် ဘုရင့်နောင်တပ်ရင်းဘက်က ယခုရက်ပိုင်း လက်နက်ကြီးများ ပစ်ထုတ်နေသလို လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်ရင်းတချို့ကလည်း ၎င်းတို့သံသယရှိသည့် နေရာများကို လမ်းပိတ်ပြီးနောက်ပိုင်း လက်နက်ကြီးပစ်ခတ်နေကြောင်း နယ်ခံများကပြောသည်။

သံတောင်-တောင်ငူ လမ်းပိတ်သည့်ကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ (၂) ဘက်က စာထုတ်ပြန်လာခဲ့ပြီးနောက် KNLA တပ်ရင်း (၅) စည်းတံဆိပ်ကိုတုပပြီး လမ်းပြန်သွား၍ရပြီဖြစ်ကြောင်း မေလ (၄) ရက်နေ့ဖြင့် စာအတုတစ်စောင် လူမှုကွန်ရက်ပေါ်၌ ပေါ်ထွက်ခဲ့သေးသည်။

တပ်ရင်း (၅) ဘက်က ထိုစာမဟုတ်မမှန်ဟု ထုတ်ပြန်ခဲ့ပြီး လမ်းပြန်ဖွင့်မည့်ရက်ကို အသိပေးသွားမည်ဖြစ်ကြောင်းလည်း KNU တောင်ငူခရိုင်၏ အုပ်ချုပ်ရေးတာဝန်ရှိသူတို့က ဆိုသည်။

(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...