ပုလဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကလေး ၂ ဦးအပါ ၄ ဦးသေဆုံး

ပုလဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကလေး ၂ ဦးအပါ ၄ ဦးသေဆုံး
ပုလဲမြို့နယ် နွယ်အင်းကျေးရွာက မေလ ၁၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသည့် နေအိမ်တလုံးကိုတွေ့ ရစဉ်။ (MIn Thant လူမှုကွန်ယက်စာမျက်နှာ)
ပုလဲမြို့နယ် နွယ်အင်းကျေးရွာက မေလ ၁၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသည့် နေအိမ်တလုံးကိုတွေ့ ရစဉ်။ (MIn Thant လူမှုကွန်ယက်စာမျက်နှာ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နွယ်အင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် ဒေသခံပြည်သူ လေးဦး သေဆုံးသွားကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၂) တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

မေလ ၁၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ၏ လေတပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၂) မှ တပ်ထောက်တာဝန်ခံ ကိုနေမင်းက ပြောသည်။

၎င်းက “ဗုံးတွေက ရွာတွေထဲကျတာ။ ရွာရဲ့ အရှေ့ဘက်က ဆည်ဘေးကအိမ်ဆိုရင် တအိမ်လုံး စုတ်ပြတ်သတ်ပြီး မီးပါလောင်သွားတာ တခါ ရွာလယ်မှာ နောက်တလုံးကျတယ်။ နောက်ဆုံးတလုံးက ရွာအနောက်ခြမ်းမှာကျတာ” ဟု ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် Grade-6 ကျောင်းသား မောင်ဖုန်းမင်းသန့်၊ Grade-12 ကျောင်းသူ မကြယ်ဇင်ဦး၊ ဒေါ်မေရီနှင့် မသင်းမြတ်သူတို့ သေဆုံးသွားခဲ့ကြပြီး နှစ်နှစ်သားအရွယ် ကလေးတဦးအပါအဝင် နောက်ထပ်ဒေသခံ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်သူများပါဝင်ကြောင်း ကိုနေမင်းက ဆိုသည်။

“နှစ်နှစ်သားအရွယ် ကလေးလေးကတော့ တော်တော် အခြေအနေဆိုးတယ်။ လက်တဖက် ပြတ်သွားတယ် အောက်ပိုင်း တပိုင်းလုံးလည်း စုတ်ပြတ်သတ်သွားတာ နောက်ထပ် စိုးရိမ်ရတဲ့သူတွေလည်းရှိနိုင်တယ်“ ဟု ၎င်းကပြောသည်။

လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် ရက်ပိုင်းအလိုတွင် စစ်ကောင်စီတပ်ဖွဲ့သည် Y-12 လေယာဉ်ဖြင့် ကျေးရွာပေါ်တွင် ဝဲပျံပြီးနောက် ပစ်မှတ်များကို ထောက်လှမ်းမှုများ ပြုလုပ်ပြီးမှ အရပ်သားပြည်သူများကို စနစ်တကျ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပုလဲမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ နေရာများအများစုကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့သည် ပုလဲမြို့ပေါ် နှင့် ပျူရွာများဖြစ်သည့် အင်မထီးရွာနှင့် ဇီးဖြူကုန်းကျေးရွာများတွင်သာ အထိုင်ချ တပ်စွဲထားနိုင်သည့် အခြေအနေဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

အလားတူ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကိုလည်း ယမန်နေ့ (မေလ ၁၈) ရက် ည ၇ နာရီ ၉ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး နေအိမ်သုံးလုံးလည်း ပျက်စီးသွားကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံများ၏ အသေးစိတ်အခြေအနေကို မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် နိုင်ငံအဝန်း လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် မေလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်သူ ၁၂၆ ဦး သေဆုံးပြီး ၃၁၀ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဇ္ဈိမက ပြုစုထားသည့် စာရင်းအချက်အလက်များက ဖော်ပြနေသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...