ထီးခီးနယ်စပ်ရှိ စစ်ဘေးရှောင်နေသူတို့ထံ ကူညီထောက်ပံ့မှု မရောက်ရှိ

ထီးခီးနယ်စပ်ရှိ စစ်ဘေးရှောင်နေသူတို့ထံ ကူညီထောက်ပံ့မှု မရောက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်ထီးခီးစခန်းသိမ်းတိုက်ပွဲကြောင့် အဆိုပါဒေသရှိ ပြည်သူများ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လုံခြုံရေးအရ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့များ သွားရောက်ကူညီရန် ခက်ခဲနေကြောင်း သိရသည်။

ထီးခီးစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးခဲ့ရသည့် ဒေသခံတို့သည် ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ တိမ်းရှောင်နေကြပြီး၊ ထိုင်းနယ်စပ်အာဏာပိုင်တို့မှ လူသားချင်းစာနာထောက်မှုအသင်းမှ ရိက္ခာပေးဝေမှု လုပ်ဆောင်နေသော်လည်း နယ်စပ်မှတစ်ဆင့် ကုန်ခြောက်တင်သွင်းခွင့်ကို ကန့်သတ်ထားကြောင်း သိရသည်။

စစ်ဘေးရှောင်အချို့ကို KNU ဘက်မှ တာဝန်ယူကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေပြီး၊ စားနပ်ရိက္ခာ သယ်ဆောင်ခွင့်ကို ထားဝယ်-မေတ္တာ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ ပိတ်ပင်ထားသည့်အတွက် စစ်ဘေးရှောင် နှစ်သောင်းခန့် ကုန်စည်ပြတ်လပ်မှု အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“စစ်အုပ်စုတပ်တွေ ကင်းစခန်းတွေက ဆက်ရှိနေပြီး လမ်းပိတ်ထားတဲ့အတွက် အတွင်းဘက်ကနေလည်း အကူအညီတွေရောက်ဖို့ ခက်ခဲတယ်၊ ထိုင်းဘက်က ကုန်စည်တွေ ကုန်ခြောက်တွေ လုံးဝ ပိတ်ထားတဲ့အတွက် ဒီဘက်နယ်စပ်ကနေလည်း ကူဖို့မလွယ်ဘူး၊ ထမင်းချက်ပြီးသားတွေ အထုပ်နဲ့ဝေရင်တော့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ခွင့်ပြုတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်မေလ ၂ ရက်နေ့မှစပြီး ထိုင်း - မြန်မာနယ်စပ်ရှိ ထီးခီးဗျူဟာစစ်ကောင်စီစခန်းကို စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုမှ ထုတ်ပြန်ထားသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ထီးခီးနယ်စပ်ရှိ မြန်မာနိုင်ငံသားများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြသော်လည်း နိုင်ငံတွင်းဥပဒေနှင့် ငြိစွန်းသွားနိုင်သောကြောင့် နယ်စပ်မျဉ်းနေရာတွင် ခက်ခက်ခဲခဲ နေထိုင်နေရသည်ဟု လူ့အခွင့်အရေးလှုပ်ရှားနေသူထံမှ သိရသည်။

“မပေးဝင်ဘူး ဒါဟာ နိုင်ငံတကာပြဌာန်းဥပဒေနဲ့ ငြိပါတယ်၊ ထိုင်းက သိတဲ့အတိုင်း သူ့အကျိုးစီးပွားမရှိရင် စစ်အုပ်စု ငြိုငြင်ရင် ဘာမှ သိပ်မလုပ်တဲ့အတွက် ပေါ်ပေါ်ထင်ထင် မကူတာဖြစ်တယ် ထိုင်းရဲ့ မူဝါဒက IDPs war refugees တွေနဲ့ပတ်သက်ရင် Publicly မလုပ်ဘူး ဒိုင်လျှိုကူတာ ဖြစ်ကောင်းဖြစ်နိုင်တယ် အောက်ခြေ နယ်စပ်တပ်ဖွဲ့တွေကနေတစ်ဆင့် ကူတာတွေတော့ ရှိမှာပါ” ဟု ၎င်းကပြောသည်။

ထီးခီးစခန်းကိုလက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု မရှိသော်လည်း၊ ၎င်းတို့ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်၊ စစ်ဂွင်အတွင်းကျန်ရှိနေသည့် လက်နက်ကြီးများနှင့် cluster bomb တို့ကို ရှာဖွေရှင်းလင်းနေရဆဲဖြစ်သည်ဟု မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

“သူတို့ဘက်ကနေ လက်လွှတ်လိုက်ရပါပြီး operation အောင်မြင်ပြီးဆိုတော့ စကစရဲ့ လက်နက်ကြီးရန် လေကြောင်းရန်လည်း မရှိတော့ပါဘူး၊ စကစက ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေ စစ်ဂွင်က ဆယ်မိုင်ပတ်လည်လောက်ကျယ်တဲ့ လက်နက်ကြီး၊ cluster bomb တွေကိုလည်းရှာဖွေ ရှင်းလင်းနေရတုန်းပါပဲ” ဟု ၎င်းကပြောသည်။

အဆိုပါ ထီးခီးစခန်းသည် မြဝတီ- မဲဆောက်၊ ဘုရားသုံးဆူ- ကန်ချနဘူရီ၊ ထီးခီး-ကန်ချနဘူရီ၊ မောတောင်-ပရာကျွတ်လမ်းစသဖြင့် နယ်စပ်ကုန်သွယ်ရေးများစွာနှင့် ဆက်စပ်သည့်စခန်းကို တော်လှန်ရေးတပ်ဖွဲ့မှ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာနေသူတို့က ပြောသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ် အခြေစိုက်ထားသည့် ထီးခီးစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) မဟာတပ် ၄ က ယမန်နေ့ သိမ်းပိုက်လိုက်သည့်အပေါ် နယ်စပ်နေ ထိုင်းနိုင်ငံသားများ နားလည်ပေးကြရန်လည်း KNU ၏ မြိတ်- ထားဝယ်ခရိုင်မှ ထိုင်းဘာသာဖြင့် မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...