မြန်မာနယ်စပ်တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီ ထိုင်းဘက်ခြမ်း တိမ်းရှောင်နေရ

မြန်မာနယ်စပ်တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီ ထိုင်းဘက်ခြမ်း တိမ်းရှောင်နေရ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၀၀ ဝန်းကျင် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ရောက်ရှိလာခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မေ ၇ ရက်နေ့ မနက်ပိုင်းက လှိုင်းဘွဲမြို့နယ် မဲလေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးအနားဝန်းကျင်က ဒေသခံပြည်သူ ၂၀၀ စစ်ပြေးရှောင်နေခဲ့ရတာပါ။

အဲဒီစစ်တပ်စခန်းဟာ ထိုင်းနိုင်ငံတာ့ခ်ခရိုင် ထာ့ဆောင့်ယန်းမြို့နယ် မဲလကျေးရွာနယ်စပ်အနီး တောင်ကုန်းတစ်ခုပေါ်မှာ ခြေကုပ်တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ပြေးရှောင်ရောက်ရှိလာတဲ့ ကရင်ဒေသခံပြည်သူတွေကို စောင့်ရှောက်ကူညီပေးထားသလို နယ်စပ်လုံခြုံရေးကိုလည်း ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုလျက်ရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုထားပါတယ်။

KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုနှစ်စကစပြီး KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေ နယ်စပ်တစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ မော်ဖားသူး၊ ခလယ်ဒေး၊ ပူးလူးတူစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

KNU အုပ်ချုပ်ရေးသတ်မှတ်ချက်အရ အခုထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စခန်းဟာ တပ်မဟာ ၇ နယ်မြေ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ထဲမှာရှိတာဖြစ်ပြီး အဲဒီဒေသထဲမှာ တာလေဗျူဟာစခန်းအ ပါအဝင် မဲလစခန်း၊ မော်ဖိုးကေ၊ နော်တရာတောင်ထိပ်စခန်း စတဲ့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်က မော်ဖားသူး၊ ခလယ်ဒေးနဲ့ ပူးလူးတူစခန်းတို့ကို စခန်းသိမ်းတိုက်ပွဲ ဆင်နွဲသိမ်းယူခဲ့တဲ့အချိန်တုန်းကလည်း စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကူမပေးပို့နိုင်ပဲ လေကြောင်းပစ်ကူနဲ့သာ အသုံးပြုတိုက်ခိုက်ခဲ့ပေမယ့် စခန်းတွေကို တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကလည်း KNU ဗဟိုဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ တပ်မဟာ ၇ မာနယ်ပလောဒေသထဲက စစ်ကောင်စီတပ်စခန်းတွေကိုအားလုံးကို KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး မာနယ်ပလောဒေသထဲမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-MOI
April 4, 2026
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အထိ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ...
ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...