ဒေသထုတ် ယစ်မျိုးကုန်နှင့် လူသုံးကုန်များကို သုံးစွဲရန် သင့်/မသင့် ULA/AA စတင် စစ်ဆေး

ဒေသထုတ် ယစ်မျိုးကုန်နှင့် လူသုံးကုန်များကို သုံးစွဲရန် သင့်/မသင့် ULA/AA စတင် စစ်ဆေး

ပုံအညွှန်း - ပိတ်ပင်တားမြစ်ထားသည့် ပြည်ပနှင့် ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင်စသည့် ယစ်မျိုးကုန် များရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများလုပ်နေစဉ်။ ဓာတ်ပုံ - APM။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်က မြို့နယ်အချို့တွင် ဒေသထွက်စားသောက်ကုန်များ၊ ယစ်မျိုးကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများကို သုံးစွဲရန် သင့်/မသင့် ULA/AA မှ စတင် စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များရှိ အလှကုန်ပစ္စည်းများနှင့် ယစ်မျိုးကုန်များ၊ ပြည်တွင်း/ပြည်ပထုတ် ကုန်ပစ္စည်းများအား သုံးစွဲရန် သင့်/မသင့်ကို ULA/AA ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ စစ်ဆေးနေခြင်း ဖြစ်သည်။

ULA/AA နှင့် နီးစပ်သူတစ်ဦးက “မြို့နယ်တချို့မှာတော့ အရက်ကို စလို့ စစ်ဆေးနေပြီ။ တချို့မြို့တွေ မှာလည်း ဒီလအတွင်းမှာ ဆက်လို့ စစ်ဆေးသွားဖို့ ရှိပါတယ်။ အရက်ကို အဓိက စစ်ဆေးမယ်။ ပြီးတော့ စားသောက်ကုန်တွေ၊ အလှကုန်တွေ၊ ဆေးဝါးတွေကိုလည်း စစ်ဆေးသွားမှာပါ” ဟု ဆိုသည်။

AA ထိန်းချုပ်ထားသည့် ရခိုင်ဒေသတွင် ပြည်ပ/ပြည်မထုတ် ယစ်မျိုးကုန်များကို သောက်သုံးရောင်းချခွင့် ပိတ်ပင်ခဲ့ပြီးနောက် ဒေသထုတ် ဆန်အရက်၊ သစ်သီးဖြင့် ဖျော်စပ်ထားသည့် ကော့တေး၊ ဝိုင် စသည့် ယစ်မျိုးကုန်များကို သောက်သုံးလာကြသည်။

ဒေသထုတ် ယစ်မျိုးကုန်များ ထုတ်လုပ်ရောင်းချရာတွင် ဆေးဝါးထောက်ခံချက် တစုံတရာ မပါဝင်၍ စိုးရိမ်နေရချိန်တွင် သုံးစွဲရန် သင့်/မသင့် ULA/AA မှ စစ်ဆေးလာြခင်းသည် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

ယင်းအပြင် စားသောက်ကုန်များအပါအဝင် သက်တမ်းကုန် ဆေးဝါးများ၊ တားမြစ် အလှကုန်ပစ္စည်းများ ရောင်းချမှုမှာ ဈေးကွက်အတွင်း တွင်ကျယ်နေချိန်တွင် ယခုကဲ့သို့ စစ်ဆေးမှုများ လုပ်ဆောင်ခြင်းသည် ပြည်သူများ၏ ကျန်းမာရေးကို  ကာကွယ်ခြင်းတစ်ခုဖြစ်သည်ဟုလည်း ပြောဆိုကြသည်။

“အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ အစားအသောက်၊ ဆေးဝါးတို့ ဆိုတာက မရှိမဖြစ် နေ့စဉ်သုံးစွဲနေရတဲ့ ပစ္စည်းဖြစ်တာကြောင့် ပြည်သူတွေအပေါ် အများကြီး သက်ရောက်မှု ရှိတယ်။ အခုလို လုပ်ဆောင်တဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့တော့ ကြိုဆိုပါတယ်” ဟု မြောက်ဦးဒေသခံ ကိုရဲအောင်နိုင်က ပြောသည်။

တစ်ဖက်တွင် သိမ်းပိုက်ထားသည့် မြို့နယ်များအတွင်း ဓာတုဗေဒ (Chemistery)ဖြင့် ဘွဲ့ရရှိထားသူများ၊ ရုက္ခဗေဒ (Botany) ဖြင့် ဘွဲ့ရရှိထားသူများ၊ တက္ကသိုလ် နားထားရသူများ၊ စက်မှုလက်မှုသိပ္ပံကျောင်း ဘွဲ့ရရှိထားသူများအား ULA/AA ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်းများ ခေါ်ယူနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက “ဒီလအတွင်းမှာ FDA ဌာနမှာ အလုပ်လုပ်ဖို့ သွားရတော့မှာပါ။ ကျမတို့ သူငယ်ချင်းတွေဆိုရင်တော့ အရင်လကတည်းက စလို့ အလုပ်လုပ်နေရပါပြီ” ဟု ပြောသည်။

ရခိုင်ပြည်၏ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် ULA/ AA သည် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်၊ အခွန်၊ မီးသတ်ဦးစီးဌာန စသည့် ဌာနတို့တွင် ဝန်ထမ်းများ ဆက်တိုက်ခေါ်ယူနေပြီး အုပ်ချုပ်ရေးယန္တရားနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...