မိုးဗြဲ ဆည်မြောင်းရေတွင် ငါးများ အစုလိုက်သေဆုံး

မိုးဗြဲ ဆည်မြောင်းရေတွင် ငါးများ အစုလိုက်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့နယ်ရှိ ဆည်မြောင်းရေများတွင် ငါးများ အစုလိုက်သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီလို ငါးအစုလိုက်သေတာ တသက်မှာ တခါမှ မမြင်ဖူးဘူးပေါ့နော်။ ချောင်းတချောင်းလုံး တောက်လျှောက်သေနေတာပါ။ တပတ်နီးနီးလောက်ရှိပြီ အစောပိုင်းအဲ့လောက်မများပေမယ့် ခုရက်ပိုင်း တရက်ပြီး တရက်ပိုသေလာတာကိုတွေ့ရတယ်” ဟု ဒေသခံတဦးက ပြောသည်။

မိုးဗြဲဆည်ရေကာတာမှ စီးဆင်းလာသည့် ဆည်မြောင်းချောင်းများတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ငါးများ အစုလိုက် သေဆုံးလာခြင်းဖြစ်ကြောင်း သိရသည်။ ထိုငါးများကို စားမိသူအချို့သည်လည်း လည်ချောင်းယားယံခြင်းများ ရှိကြောင်း ဆိုသည်။

“တလောက ကောင်းကောင်းမသေသေးတဲ့ငါးတွေကို ဆယ်ယူပြီး ဒီဘက်မှာ ပြန်လာရောင်းကြတယ်။ တချို့ဝယ်စားမိတဲ့စစ်ရှောင်တွေက စားမိတော့ လည်ချောင်းယားယံဖြစ်တယ်” ဟု ဒေသခံက ပြောသည်။

ထိုဆည်မြောင်းသည် မိုးဗြဲမြို့အနီး လယ်များသို့ ရေသွင်းပေးနေသည့် ဆည်ဖြစ်သကဲ့သို့ သောက်သုံးရေအတွက် မီခိုနေရကြောင်း သိရသည်။ ယခုကဲ့သို့ ငါးများအစုလိုက် သေဆုံးရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီက ဆည်ရေကို အဆိပ်ခတ်ခြင်းဟု ဒေသခံအများစုက ယူဆနေကြသည်။

“ဗုံးသီးကြောင့်၊ အဆိပ်ဗုံးကြောင့်ဆိုရင်တောင် အနားတဝိုက်လောက်ပဲ သေရမှာ။ ခုက တောက်လျှောက်ဆိုတော့လေ။ နောက်ပြီး စကစရှိတဲ့အပေါ်ပိုင်းမှာ ငါးတွေက ပိုသေနေတော့ အဆိပ်ခတ်တာကြောင့်ဖြစ်မယ်လို့ ထင်ကြတာပေါ့နော်” ဟု ဒေသခံက ပြောသည်။

သို့သော် ချောင်းတွင် ငါးများ အစုလိုက်သေဆုံးရခြင်းအကြောင်းအရင်းအမျိုးမျိုးရှိသည့်အနက် လယ်ကွင်းများတွင် သုံးစွဲထားသည့် ဓာတုပိုးသတ်ဆေးများသည် မိုးရေနှင့်အတူ ဆည်မြောင်းအတွင်းသို့ မျောပါစီးဆင်းခြင်း၊ ဆည်မြောင်းရေတွင် အောက်ဆီဂျင်နည်းခြင်း၊ အညစ်အကြေးတိုးလာခြင်းတို့ကြောင့်လည်း ငါးများအစုလိုက်သေဆုံးရတတ်ကြောင်း မျိုးစိတ်များကို လေ့လာနေသူတဦးက ပြောသည်။

မိုးဗြဲတွင် မေလ ၂ ရက်နေ့အထိ မိုးရွာသွန်းမှုရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ သို့သော် ယခင်တည်းက စပါးစိုက်ရာတွင် ပိုးသတ်ဆေးများ သုံးစွဲလေ့ရှိခဲ့ကြောင်းနှင့် ဆည်မြောင်းသည် လယ်ကွင်းများထက် မြင့်သဖြင့် လယ်ကွင်းမှ ရေများ ဆည်မြောင်းတွင်းသို့ မစီးဝင်နိုင်ကြောင်း ဒေသခံက ပြောသည်။

“ပိုးသတ်ဆေးတွေသုံးနေတာတော့ကြာပါပြီ ခုလို ငါးတွေသေတာတော့ တခါမှမကြုံဖူးဘူး။ ပြီးတော့ ဆည်က နှုတ်မြောင်းမဟုတ်ဘူး။ လယ်ရေပေးမြောင်းဆိုတော့ လယ်ကွင်းထဲက ရေက ပြန်စီးဆင်းဖို့က မဖြစ်နိုင်ဘူး” ဟု ဒေသခံက ပြောသည်။

ယခုကဲ့သို့ ငါးများ အစုလိုက်အပြုံလိုက်သေဆုံးနေရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မိုးဗြဲရေကာတာမှ စီးဆင်းလာသည့် ဆည်မြောင်းရေများကို ဒေသခံနှင့် စစ်ဘေးရှောင်များက စိုက်ပျိုးရန်သာမက သောက်သုံးရန်အတွက်ပါ မှီခိုသုံးစွဲနေကြရသဖြင့် ယခုကဲ့သို့ ငါးများသေဆုံးကာ ရေညစ်ညမ်းနေမှုကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေးစိုးရမ်မှုရှိသကဲသို့ သန့်ရှင်းသည့်ရေ မရရှိမည်ကို ပူပန်နေကြသည်။

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...