လေးမျက်နှာမြို့နယ်က ကျေးရွာများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ဒေသတစ်ဦး ဒဏ်ရာရ

လေးမျက်နှာမြို့နယ်က ကျေးရွာများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ဒေသတစ်ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ကျေးရွာများကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေကြောင်း သိရသည်။

မေလ ၄ ရက် ညနေပိုင်းနှင့် မေလ ၅ ရက် နံနက်ပိုင်းတို့တွင် မကျည်းပင်ကွင်းနှင့် ဝက်ကုန်းကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး မကျည်ပင်ကွင်းကျေးရွာက အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ ဆောင်ထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့ကြောင်း လေးမျက်နှာ ဒေသခံတစ်ဦးက ပြောသည်။

“မကျည်းပင်ကွင်းက အမျိုးသားတစ်ဦး ထိခိုက်မှုရှိတယ်။ နောက်မကျည်းပင်ကွင်းမှာ နေအိမ်တစ်ချို့လည်း မီးလောင်ပျက်စီးမှုရှိတယ်။ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေက AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့ နေရာတွေဖြစ်ပြီး စစ်ကောင်စီက နောက်ဆုတ်ပေးလိုက်ရတဲ့ နေရာတွေဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူမှာ မကျည်းပင်ကွင်းကျေးရွာက ကိုထွန်းအေးဖြစ်ပြီး လက်ရှိတွင် ကျေးရွာသားများအများစု ထွက်ပြေးနေကြသော်လည်း ၎င်းမှာ အိမ်စောင့်အဖြစ် ကျန်ခဲ့သူဖြစ်ကြောင်း သိရသည်။

လက်ရှိ လေကြောင်းတိုက်ခိုက်ခဲ့သည့်‌ ကျေးရွာများမှာ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ သိမ်းထားသည့် ပန်းတောကြီးကျေးရွာနှင့် အနီးနားကျေးရွာများဖြစ်ပြီး ရခိုင်ရိုးမ တောင်ခြေအောက်တွင် တည်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာများကို စစ်ကောင်စီ ထိန်းချုပ်၍မရတော့သည့်အတွက် AA နှင့်ပူးပေါင်းတပ်များ ခိုလှုံနေသည့်အထင်နှင့် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဆိုသည်။

နောက်ထပ် လေးမျက်နှာ ဒေသခံတစ်ဦးက “ပန်းတောကြီး အနီးတစ်ဝိုက်က စစ်ကောင်စီ စစ်ကြောင်းတောင် ထိုးလို့မရတော့ဘူး။ AA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်တာကြောင့် သူ့တို့ နေထိုင်တယ်အထင်နဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာ။ ဒေသခံတွေကတော့ စစ်ဘေးတိမ်းရှောင်နေကြရတယ်” ဟု ပြောသည်။

လေးမျက်နှာမြို့နယ်ရှိ ပန်းတောကြီး၊ မကျည်းပင်ကွင်း၊ ဝတ်ကုန်း၊ စမ်းကုန်း၊ ဇီးပင်ကွင်း စသည့်ကျေးရွာတို့မှာ ပြီးခဲ့သည့် မတ်လကုန်ပိုင်းကတည်းက စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီက လေးမျက်နှာမြို့အနီးရှိ ဆီဆုံကုန်းရွာကို ဆုတ်ခွာခဲ့ရသည်။

စစ်ကောင်စီသည် လေးမျက်နှာမြို့နယ်အတွင်းကို မတ်လ ၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀ နီးပါး တိုက်ခိုက်ခဲ့ပြီး ရဟန်းတစ်ပါးအပါဝင် ဒေသခံ ၄ ဦး သေဆုံးကာ နေအိမ်နှင့် ဘာသာရေးအဆောက်အဦး ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ဧရာဝတီတိုင်းကို ဇန်နဝါရီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လေးမျက်နှာ၊ ရေကြည်၊ ပုသိမ်နှင့် သာပေါင်းမြို့နယ်တို့အထိ ရောက်ရှိနေကာ လက်ရှိတွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ထိုးစစ်များကို ရပ်တန့်ထားကြောင်း ပြောဆိုကြသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...