စာသင်ကျောင်းများကို ဗုံးကြဲနေ၍ ကျုံဒိုးမြို့နယ်ရှိ ကျောင်းများ ပြန်ဖွင့်ရန် မသေချာ

စာသင်ကျောင်းများကို ဗုံးကြဲနေ၍ ကျုံဒိုးမြို့နယ်ရှိ ကျောင်းများ ပြန်ဖွင့်ရန် မသေချာ

စစ်ကောင်စီက စာသင်ကျောင်းအများအပြားကို ပစ်မှတ်ထားဗုံးကြဲနေ၍ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင် လာမည့်ပညာသင်နှစ်အတွက် စာသင်ကျောင်းအများစု ပြန်လည်ဖွင့်ရန် မသေချာသေးကြောင်း မြို့နယ်ဥက္ကဋ္ဌက ပြောသည်။

ကျုံဒိုးမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တကျော့ပြန် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီက စာသင်ကျောင်းများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်သည့်အတွက် လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းများဖွင့်ရန် မသေချာဖြစ်နေသည်ဟု KNU - ကျုံဒိုးမြို့နယ် ဥက္ကဌ မန်းကြာညိုက ပြောသည်။

၎င်းက “ပညာရေးအပိုင်းက ဒီနှစ်မှာ အခက်အခဲ တော်တော်ရှိမယ်။ အခြေအနေက ဒီလိုပဲရှိသေးရင် ဒီတောင်ခြေ တလျှောက်မှာ စာသင်ကျောင်းတွေ ဖွင့်ဖို့ မသေချာဘူး။ ဥပမာ - ဝင်းက ရွာမှာဆိုရင် တစ်ကျောင်းလုံး ပျက်စီး သွားတယ်။ နောက်ပြီး လေယာဉ်တွေက အမြဲလာသေးတယ်။ တကယ်လို့ ကျောင်းဖွင့်ရင်တောင် ကျောင်းဆရာမတွေ ရှိမလား၊ ကျောင်းသားမိဘတွေက သူတို့ကလေး ကျောင်းလွတ်ရဲမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ကေအဲန်ယူ၊ စီမံအုပ်ချုပ်မှုအောက်ရှိ ကျေးရွာများတွင်သာမက  စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ ကျေးရွာများက စာသင်ကျောင်းများလည်း အလားတူ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေအနေနည်းပါးနေသည်ဟု ကျုံဒိုးမြို့နယ် ဥက္ကဋ္ဌက ဆက်ပြောသည်။

“ဒီနှစ်က ကလေးတွေ ဘယ်မှာ ကျောင်းပေးတက်ရမလဲ မသိတော့ဘူး။ ဒီလိုအခြေအနေနဲ့ ကျောင်းဖွင့်ရဲပါတော့ မလား မသိဘူး။ ကိုဗစ်ကတည်းကစပြီး အာဏာသိမ်းတဲ့အချိန်လည်း ကလေးတွေ ပညာရေးထိခိုက်တယ်။ အခုလည်း ထပ်ထိ ခိုက်အုံးမယ်။ ကလေးတွေက အသက်ကြီးသွားတာ စာတွေ သေချာမဖတ်တတ်သေးဘူး” ဟု ကလေးမိဘတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စာသင်ကျောင်းများကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်သည့်အတွက် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကလည်း တချို့ကျောင်းများမှာ အခြေအနေပေါ်မူတည်၍ ကျောင်းဖွင့်လိုက်၊ ပိတ်လိုက် လုပ်ဆောင်နေရပြီး နှစ်ကုန် အတန်းတင်စာမေးပွဲကိုလည်း စောစီးစွာ ကျင်းပပေးရသည်ဟု သိရသည်။

ကျုံဒိုးမြို့နယ်အတွင်း ပြီးခဲ့သည့် ပညာသင်နှစ်တွင် စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်း ၅၈ ကျောင်း၊ ကိုယ်ထူကိုယ်ထ ၅၄ ကျောင်းနှင့် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန - KECD လက်အောက်ရှိ စာသင်ကျောင်း ၂ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ/သားဦးရေ ၁၆,၇၂၂ ဦးနှင့် ကျောင်းဆရာ/မ ၉၀၄ ဦးရှိကြောင်း KNU ကျုံဒိုး မြို့နယ်ပညာရေးဌာန၏ စာရင်းအရ သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...