အာဏာရှင်ကို တော်လှန်သည့် ဘယ်လုပ်ရပ်မဆို အမှန်တရားအတွက်ဖြစ်ဟု NUG ကာကွယ်ရေး ဒု-ဝန်ကြီး နိုင်ကောင်းရွက်ပြော

အာဏာရှင်ကို တော်လှန်သည့် ဘယ်လုပ်ရပ်မဆို အမှန်တရားအတွက်ဖြစ်ဟု NUG ကာကွယ်ရေး ဒု-ဝန်ကြီး နိုင်ကောင်းရွက်ပြော

လက်နက်ကိုင်တော်လှန်‌ရေးတွင် ခက်ခဲကြမ်းတမ်းသော်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ အဆိုပါလမ်းကို ရွေးချယ်ခဲ့ကြကြောင်း၊ အာဏာရှင်ကို တော်လှန်သည့် မည်သည့်လုပ်ရပ်မဆို အမှန်တရားအတွက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း ၄ နှစ်ပြည့် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်ပြီး တော်လှန်ရေး ၄ နှစ်တာအတွင်း အသက်ပေးသွားတဲ့ ရဲဘော်အားလုံး အလေးနီပြုကြောင်း၊ တိုင်းပြည်နှင့် ပြည်သူအတွက်၊ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည့်အထိ ကျန်ရှိသည့် တော်လှန်ရေးတာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်သွားကြမည်ဟု ၎င်းက ပြောကြားထားသည်။

နိုင်ကောင်းရွက်က “လက်နက်ကိုင်ပြီး တော်လှန်ရင် ငါတို့သွေး ချွေးတွေရင်းရမယ်၊ အသက်တွေ ပေးဆပ်ရမယ်၊ ဘဝဟာ ခက်ခဲကြမ်းတမ်းမယ်၊ ချစ်ခင်ရတဲ့ အရာအားလုံးနဲ့ ခွဲခွါရမယ်” ဒါတွေငါတို့ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အာဏာရှင်စစ်မိစ္ဆာကို အမြစ်ဖြတ်ဖို ဒီလမ်းကို ယုံကြည်ချက်အပြည့်နဲ့ ရွေးခဲ့တယ်။ နိုင်ငံရဲ့ကံကြမ္မာ၊ ပြည်သူရဲ့ကံကြမ္မာကို ကယ်တင်ဖို တခုတည်းသောလမ်း လက်နက်ကိုင်ပြီး တော်လှန်ခဲ့ရတယ်။ အာဏာရှင်ကို တော်လှန်သည့် မည်သည့်လုပ်ရပ်မဆို အမှန်တရားအတွက်ဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ကို ပစ်တဲ့ကျည်တပေါက်တိုင်းဟာ တရားသောစစ်ဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လူငယ်အများအပြား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြပြီး မေလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

မိမိတို့သည် တိုင်းပြည်တစ်ဝှမ်း စစ်ဆင်ရေး နယ်မြေများ ဖွဲစည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စနစ်ကျသော ဖွဲ့စည်းအုပ်ချုပ်ပုံများနှင့် ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်ရန် ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

မန်းဝင်းခိုင်သန်းက “ငါတို့ PDF တွေရဲ့ အောင်ပွဲတွေဟာ ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲတွေပဲ ဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ခြုံငုံပြီး စစ်ဆင်ရေး နယ်မြေတွေ ဖွဲစည်းဆောင်ရွက်ထားပြီး ဖြစ်သလို စနစ်ကျတဲ့ ဖွဲစည်းအုပ်ချုပ်ပုံတွေနဲ့ ပြည်သူ့တပ်မတော် တစ်ရပ်ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နေတာကို တွေ့နေရတယ်” ဟု ပြောသည်။

မိမိတို့နှင့်အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များကိုလည်း ကျေးဇူးတင်ရှိကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

PDF များကို ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကူညီခဲ့ကြကြောင်း၊ လက်ရှိတွင် မိမိကိုယ်ကိုယ် ယုံကြည်မှုများ ရှိလာပြီဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

“သူတို့အနေနဲ့ စိတ်ဓါတ်အရက အစတုန်းကတော့ ကိုယ့်ကိုယ်ကိုယ် မယုံမရဲတွေ ဖြစ်တာပေါ့၊ အခုကြည့်ရတာတော့ မိမိကိုယ် မိမိ ယုံကြည်စိတ်လေးတွေ ရှိလာကြပြီထင်တယ်၊ ဒါဟာ အကြီးအကျယ်အောင်မြင်မှုပဲဗျ၊ နောက်တစ်ခုက ပြည်သူလူထုရဲ့ ထောက်ခံမှုပဲဗျ၊ ပြည်သူလူထုရဲ့ ထောက်ခံမှုလေးတွေ ရလာတယ်။ PDF တွေမှာ အားနည်းချက်မရှိဘူးလားဆိုတော့ အားနည်းချက်တွေတော့ ရှိတော့ ရှိတာပေါ့ဗျာ၊ ကျမတို့ ဗကပတပ်တွေတောင်မှ နှစ်ပေါင်းများစွာ တည်ဆောက်တာတော့ အားနည်းချက်တွေ ရှိသေးတာ သူတို့မှာလည်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ကျမကြည့်တယ် ပြည်သူလူထုအပေါ်မှာ ထားရှိတဲ့ မေတ္တာ၊ စေတနာ တော်တော်ခိုင်မာပုံရတယ်ဗျ၊ တစ်ခုက သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိတာ၊ ဒုတိယက ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာ၊ ဒါတွေအားလုံးက သူတို့ကို ပိုမိုအောင်မြင်တဲ့ လမ်းတွေပေါ် ရောက်အောင် တွန်းတင်ပေးလိမ့်မယ်ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် PDF တပ်ဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိနေသလို နိုင်ငံတစ်ဝှမ်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းပေါင်း ၃၁၆ ရင်းဖြင့် ဖွဲ့စည်းထားနိုင်ကြောင်း သိရသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...