သထုံရှိ ဖလံ‌တောင်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရ

သထုံရှိ ဖလံ‌တောင်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရ

KNU - ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ ဆေးရုံကို ယမန်နေ့ မေလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံထံမှ သိရသည်။

ယမန်နေ့ ညဘက်အချိန်တွင် ဖလံတောင်ဆေးရုံကို စစ်ကောင်စီက အင်အားပြင်းဗုံးသီးဖြင့် လာရောက်ကြဲချတိုက်ခိုက်သောကြောင့် ဆေးရုံအဆောက်အဦး ထိခိုက်ပျက်စီးသွားခဲ့ပြီး လူအထိအခိုက်မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ညက ၁၁ နာရီ မိနစ် ၂၀ လောက်မှာ လာကြဲသွားတယ်။ အတွဲလိုက် ပစ်တဲ့ဟာမျိုးဖြစ်တယ်။ လမ်းမဘေးမှာရှိတဲ့ ဆေးရုံကြီးကို ထိသွားတယ်ပေါ့။ လူတစ်ယောက်မှ မရှိပါဘူး။ ဆိုလာမီးတို့ ဘာတို့တော့ရှိတာပေါ့။ ထိတာက လူနာထားဆောင်တဲ့အဆောင်ရယ်၊ ဆေးပေးတဲ့အဆောင်ကို ထိတယ်။ ဆရာမတွေထားတဲ့အဆောင်နဲ့ သံဃာဆောင်တွေကျတော့ နည်းနည်းပါးပါးထိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခင်အရပ်သားအစိုးရလက်ထက်က တည်ဆောက်ထားသည့် ၁၆ ကုတင်ဆံ့ ဖလံတောင်ဆေးရုံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် CDM ဆရာဝန်များနှင့် စေတနာရှင် လူမှုဝန်ထမ်းများစုပေါင်းကာ ဒေသခံများကို အခမဲ့ဆေးဝါးကုသပေးလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် - BGF တပ်ဖွဲ့ဝင်များက ဆေးရုံရှိ အသုံးအဆောင်ပစ္စည်းများကိုလည်း ဖျက်ဆီးသွားခြင်းရှိခဲ့သည့်နောက် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တပ်မဟာ (၁) ဒူးသထူခရိုင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက “ဒီဆေးရုံက အာဏာသိမ်းမှု ဖြစ်ပြီးပြီးချင်းမှာပဲ ဆေးရုံအုပ် ဒေါက်တာဆရာဝန်ကြီးက စီဒီအမ်လုပ်လိုက်ကြတယ်။ အဲဒီနောက်ပိုင်း စစ်တပ်က လက်နက်ကြီးအရမ်းပစ်တော့ ဆရာဝန်တွေ အကုန်လုံးဘေးလွတ်ရာကို ရှောင်တိမ်း လိုက်ကြတယ်။ အခု ဆေးရုံက ဘယ်သူမှ မရှိတော့ပါဘူး” ဟု ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသအတွင်းရှိ ဆေးရုံဆေးခန်း အမြောက်အများမှာ ပိတ်ထားလိုက်ရသည့်အတွက် KNU သထုံခရိုင်တစ်ခုလုံးရှိ ပြည်သူလူထုအပြင် မူတြော် (ဖာပွန်) ခရိုင်/တပ်မဟာ (၅) နယ်မြေရှိ ပြည်သူလူထုအချို့လည်း အဆိုပါ ဖလံတောင်ဆေးရုံကိုသာ လာရောက်ဆေးကုသခံယူနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၁၉) ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်ရှိ မင်းစောရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံ စစ်ရှောင်သူ နှစ်ထောင်ကျော်မှာ ယနေ့အထိ နေအိမ်ပြန်မနေရဲကြသေးကြောင်း သိရသည်။

ကရင်ပြည်တွင်း နေရပ်စွန့်ခွာရသူများကော်မတီ - CIDKP ၏ မတ်လအထိ စာရင်းများအရ KNU ထိန်းချုပ်သည့် ခရိုင်ခုနှစ်ခုလုံးပေါင်း စစ်ရှောင် ၁၁ သိန်းကျော်ရှိလာပြီး သထုံခရိုင်တစ်ခုတည်းတွင် စစ်ရှောင်ဦးရေ ၁ သိန်း ၄ သောင်းကျော်ရှိသည်။

March 13, 2026
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖယ်ပြီး...
Photo: CJ
March 12, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့...
March 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ...
March 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ လယ်ဒို (ကျောက်ကြီး)...