ဖမ်းဆီးခံသတင်းသမားများနှင့် ပြည်ပရောက် မီဒီယာတို့၏ အခြေအနေပြစာရင်းများ IPCM ထုတ်ပြန်

ဖမ်းဆီးခံသတင်းသမားများနှင့် ပြည်ပရောက် မီဒီယာတို့၏ အခြေအနေပြစာရင်းများ IPCM ထုတ်ပြန်

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM က စစ်ကောင်စီ၏ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် သတင်းသမားများနှင့် Exile Media (ပြည်ပရောက်မီဒီယာ) လုပ်ကိုင်နေမှု၏ အခြေအနေပြ စာရင်းများအား မေလ (၃) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားပြုလုပ်ရာတွင် ထုတ်ပြန်လိုက်သည်။

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၅ ခုနှစ်၊ မေလ (၃) ရက်နေ့အထိ စစ်ကောင်စီ၏ ဖမ်းဆီးပစ်ခတ်ခံရသဖြင့် အသက်သေဆုံးပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် သတင်းသမားများစာရင်းကို သတင်းစာလွတ်လပ်ခွင့်၊ သတင်းသမားများအတွက် တရားမျှတမှုနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဂုဏ်ပြုနိုင်ရန် ရည်ရွယ်ချက်ကာ စာရင်းပြုစုခြင်းဖြစ်သည်ဟု IPCM ၏ အတိုင်ပင်ခံတစ်ဦးက ပြောသည်။

၎င်းက "ဥပမာ အခုချိန်ထိ အကျဥ်းထောင်ထဲမှာရှိနေတဲ့ သတင်းသမားတွေရဲ့စာရင်းကိုပြုစုဖို့ဆိုရင် သူတို့မိသားစုတွေနဲ့နီးစပ်တဲ့ အကျဥ်းထောင်တာဝန်ရှိသူတွေနဲ့နီးစပ်သူတွေဆီကနေ စောင့်ကြည့် လေ့လာတာမျိုးနဲ့ ချည်းကပ်တယ်။ ဒါကလည်း သတင်းသမားတွေအတွက် တရားမျှတမှုရဖို့၊ သူတို့ရဲ့ လုပ်ဆောင်ချက်ကိုဂုဏ်ပြုဖို့ ခြုံပြောရရင် သတင်းစာလွတ်လပ်ခွင့်ကိုကာကွယ်ဖို့အတွက် လုပ် ဆောင်တာပါ။ အမြဲတမ်းလည်း Update လိုက်နေတယ်ဆိုပေမယ့် ကျနော်တို့ လက်လှမ်းမမီတာတွေ တော့ရှိပါတယ်" ဟု အခမ်းအနားတွင်ပြောသည်။

IPCM က ပြုစုထားသည့် စာရင်းအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီကသတင်းသမား ၂၀၀ ထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းတို့အနက် တစ်နိုင်ငံလုံးရှိ အကျဥ်းထောင် များတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် အမျိုးသမီးသတင်းသမား ၇ ဦး၊ အမျိုးသား ၃၃ ဦးဖြင့် စုစု ပေါင်း ၄၀ ဦးရှိနေသည်။

ထိုအထဲတွင် ထောင်ဒဏ် ၁၀ နှစ်နှင့်အထက် အမြင့်ဆုံးထောင်ဒဏ်အဖြစ် ချမှတ်ခံရသည့် သတင်းသမား ၁၁ ဦးရှိသည့်အပြင် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် သတင်းသမား ၇ ဦးအထိရှိလာပြီဟု ဆိုထားသည်။

၎င်းအပြင် လွတ်လပ်စွာသတင်းယူခွင့်ကို စစ်ကောင်စီကတားမြစ်ပိတ်ဆို့ခြင်း၊ သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းတို့ကြောင့် နယ်စပ်နှင့်ပြည်ပဘက်ထွက်ခွာ၍ သတင်းအလုပ်လုပ်ကိုင်နေရသော Exile Media များရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအပါအဝင် သတင်းလုပ်ကိုင်မှုအခြေအနေများ၊ လိုအပ်ချက်များအပေါ် စာရင်းပြုစုချက်ကိုလည်း IPCM က အခမ်းအနားတွင် ရှင်းလင်းဖော်ပြသည်။

IPCM ၏ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုဇော်က "ဒီစာရင်းကိုပြုစုပြီးတော့ Exile Media တွေမှာ လူငယ် အများစုလုပ်ကိုင်လည်ပတ်နေတာကို သိရတယ်။ နောက်ပြီး သူတို့ရဲ့ကျန်းမာရေး၊ တရားဝင်ရေး စသဖြင့်အတွက် အကူအညီလိုအပ်နေတာကို ဖော်ထုတ်လိုက်နိုင်တယ်။ ဒီကနေ ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာအလှူရှင်တွေကို ဆက်လက်တင်ပြသွားဖို့လုပ်ဆောင်နေတယ်။ အများစုကလည်း စိတ်ဝင်တစားနဲ့မေးမြန်းလာတာရှိတယ်" ဟု ၎င်းက မီဒီယာများကို ဖြေကြားသည်။

အဆိုပါ ကောက်ယူရရှိမှုစာရင်းအား IPCM ၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာပေါ်တွင် တင်ပြထားမည်ဖြစ်ပြီး မကြာခင် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများနှင့် ဆက်လက်တွေ့ဆုံနိုင်ရေး လုပ်ဆောင်သွားမည်ဟု ဦးကိုကိုဇော်က ဖြည့်စွက်ပြောသည်။

အွန်လိုင်းဖြင့်ပြုလုပ်သော World Press Freedom Day အခမ်းအနားကို IPCM က အစီအစဥ် နှစ်ရပ်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းရာ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေနှင့် နယ်စည်းမခြား သတင်းသမားများ အဖွဲ့-RSF မှတာဝန်ရှိပုဂ္ဂိုလ် Shataakshi Verma မှ ကြိုဆိုအဖွင့်စကားပြောကြားခြင်းပြီးနောက် အစီအစဥ် (၁) အဖြစ် ဖမ်းဆီးခံသတင်းသမားများစာရင်းနှင့် Exile Media Mapping စာရင်းများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစီအစဥ်(၂)တွင် သဘာဝဘေးအန္တရာယ်အတွင်း သတင်းရယူခြင်းနှင့် သတင်းလွတ် လပ်ခွင့်အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသများ၌ သတင်းလွတ်လပ်ခွင့်၊ သတင်း သမားများ၏အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံအစိုးရများအနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ကတိပြုချက်များကိုအလေးထား အမှတ်ရရန်အလို့ငှာ ၁၉၉၃ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ နှစ်စဥ် မေလ(၃) ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...