အကျပ်အတည်းသစ်များနှင့် ရုန်းကန်နေရဆဲ ရခိုင်က သတင်းမီဒီယာများ

အကျပ်အတည်းသစ်များနှင့် ရုန်းကန်နေရဆဲ ရခိုင်က သတင်းမီဒီယာများ

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်မှု တစ်နှစ်ကျော် ကြာမြင့်လာသည့် ရခိုင်တွင် သတင်းထောက်များ သတင်းရယူတင်ဆက်ရာ၌ အခက်အခဲများ ရှိနေကြသည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် သတင်းထောက်များမှာ သတင်းရင်းမြစ်များနှင့် ဆက်သွယ်ရန် အခက်အခဲဖြစ်နေသည့်အပြင် အင်တာနက်လိုင်းများ ပြတ်တောက်နေမှုကြောင့် သတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ရန် အကန့်အသတ်ရှိနေကြသည်။

ငွေကြေးအကျပ်အတည်း၊ သတင်းရယူမှုကဏ္ဍနှင့် မြေပြင်ကွင်းဆင်း သတင်းရယူရာတွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များကို စိုးရိမ်နေရကြောင်း မီဒီယာအသိုင်းအဝိုင်းက ပြောဆိုကြသည်။

လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် မရှိသောကြောင့် သတင်းမီဒီယာနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု အားနည်းလာနေသည်ဟု Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောသည်။

“သတင်းသမားတွေကို တိုက်က လစာအနေနဲ့ ထောက်ပံ့လိုက်တယ်။ ဒါပေမဲ့ လုံလောက်တဲ့ ထောက်ပံ့မှုမျိုး မရနိုင်ဘူး။ သတင်းသမားတွေက တဖက်မှာ ဘဝအာမခံချက်နည်းတယ်လို့ ပြောလို့ရတယ်။ တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့်လည်း သတင်းသမားတွေ လျော့နည်းတာလည်းဖြစ်နိုင်တယ်။ အရင်ကနဲ့ယှဉ်ရင် အခုက သတင်းသမားတွေက တော်တော်ကို လျော့နည်းလာတယ်” ဟု ပြောသည်။

စစ်ကောင်စီက AA ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်မှာလည်း မြေပြင်ကွင်းဆင်း သတင်းရယူနေရသည့် သတင်းထောက်များအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။

ရခိုင်ပြည်မှ အလွတ်တန်းသတင်းထောက် ကိုစိုးအောင်က “အခုက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက ခက်ခဲတယ်။ သတင်းမှန်ရရှိဖို့အရေး တော်တော်လေးခက်ခဲသွားတယ်။ စစ်ကောင်စီက ဗုံးကြဲတဲ့ဖြစ်စဉ်တွေ ဆိုရင်လည်း အဲဒီနေရာကို ကိုယ်တိုင်သွားပြီးတော့ သတင်းယူရတဲ့ အခြေအနေမှာဆိုရင် လုံခြုံရေး အာမခံချက်က လုံးဝမရှိဘူး။ စွန့်စွန့်စားစားနဲ့ လှုပ်ရှားနေရတဲ့အခြေအနေရှိတယ်” ဟု ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာသတင်းမီဒီယာကဏ္ဍ စတင်လမ်းပွင့်လာခဲ့ပြီး NLD အစိုးရလက်ထက်တွင် တိုးတက်မှုအချို့ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ သတင်းထောက်များကို ဖမ်းဆီး၊ သတ်ဖြတ်မှု ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် မြန်မာသတင်းမီဒီယာကဏ္ဍမှာ အကျဖက်သို့ ဦးတည်သွားခဲ့သည်။

ရခိုင်အပါအဝင် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက သတင်းမီဒီယာများကို ပစ်မှတ်ထားဖမ်းဆီးမှုများကြောင့် သတင်းထောက်များမှာ ပြည်ပနိုင်ငံများနှင့် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က နိုင်ငံပေါင်း ၁၈၀ ၏ သတင်းလွတ်လပ်ခွင့် အဆင့်ကို သတ်မှတ်ရာတွင် မြန်မာနိုင်ငံမှာ အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က အဆင့် ၁၃၉ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၁၇၆ အထိ ထိုးကျသွားခဲ့သည်။

ယခု ၂၀၂၅ ခုနှစ် သတင်းလွတ်လပ်ခွင့်အဆင့်မှာ ၁၆၉ ဖြင့် မြန်မာနိုင်ငံက ရှိနေသည်။

တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်ပြီးနောက်ပိုင်း အမေရိကန် အစိုးရက ထောက်ပံ့ပေးထားသည့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်အေဂျင်စီအဖွဲ့ (USAID) အပါအဝင် ကမ္ဘာကို ထောက်ပံ့ပေးနေသည့် ဖွံ့ဖြိုးရေးစီမံကိန်းအားလုံးကို ရပ်နားလိုက်သည်။

ယင်းကြောင့် မြန်မာ သတင်းမီဒီယာကဏ္ဍအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ သတင်းထောက်များမှာ လစာလျော့ချခြင်း၊ ထောက်ပံ့မှုများ ရပ်တန့်ခြင်းများနှင့် အလုပ်မှ ရပ်နားခံရခြင်းများ ရှိသဖြင့် အချို့သတင်းထောက်များမှာ သတင်းလုပ်ငန်းကို စွန့်ခွာသွားကြသူများလည်း ရှိခဲ့သည်။

“ဆက်သွယ်ရေးလိုင်းတွေ အဆင်မပြေတော့ အလုပ်လုပ်ရတာတွေ အဆင်မပြေတော့ဘူး။ ဒီတော့ အလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်ဖို့ စိတ်လိုလက်ရလုပ်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးလာတယ်။ ပုံမှန်ဆိုရင် ဖုန်းဆက်သွယ်ပြီး မေးမြန်းလို့ရတဲ့ သတင်းတွေအတွက် အခုအချိန်မှာ ဘတ်ဂျက်အဆင်မပြေတဲ့ကြားက သတင်းမှန်တွေသိရဖို့ ကွင်းဆင်းပြီးလုပ်နေရတယ်” ဟု Development Media Group (DMG) သတင်းဌာန သတင်းထောက် မဆောင်းဇာခြည်က ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းအပြီး လေးနှစ်တာကာလအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရပြီး ၅၄ ဦးမှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရကာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း အသံအဖွဲ့က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၁ ဦး သေဆုံးခဲ့ရပြီး ဖမ်းဝရမ်းထုတ်ခံရသူ ၅၆ ဦး ရှိနေကြောင်း သိရသည်။

ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်ကြသည့် Western News၊ Narinjara၊ DMG သတင်းဌာနများမှာ သတင်းထောက်များမှာလည်း စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး Development Media Group သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့မှာ စစ်ကောင်စီထံ ဖမ်းဆီးခံထားရကာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...