မြင်းခြံရှိ ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု မြင့်တက်၊ ကုသမှု မနိုင်မနင်းဖြစ်

မြင်းခြံရှိ ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု မြင့်တက်၊ ကုသမှု မနိုင်မနင်းဖြစ်
အာဏာသိမ်းပြီးနောက် စစ်ဘေးတိမ်းရှောင်ကြသည့် မြင်းခြံမြို့နယ်ရှိ အရပ်သားများ – ပုံအဟောင်း။ (Youth For Community/CJ)
အာဏာသိမ်းပြီးနောက် စစ်ဘေးတိမ်းရှောင်ကြသည့် မြင်းခြံမြို့နယ်ရှိ အရပ်သားများ – ပုံအဟောင်း။ (Youth For Community/CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ဆေးပေးခန်းရှားပါးမှုကြောင့် ကုသမှုပိုင်း မနိုင်မနင်းဖြစ်နေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ဖြစ်ပွားသည်မှာ ၁၀ ရက်တာရှိနေပြီး လက်လှမ်းမီသလောက် ကောက်ယူထားသောစာရင်းအရ တရွာလျှင် ၉ ဦးမှ ၁၀ ဦး၊ စုစုပေါင်း ရွာပေါင်း ၆ ရွာတွင် ပျှမ်းမျှ ၆၀ နီးပါးဖြစ်ပွားနေကြောင်း မြင်းခြံဒေသခံတဦးက မဇ္စျိမကိုပြောသည်။

“စစ်ရှောင်ဖို့ ထွက်ပြေးရင်းနဲ့ ယင်လုံအိမ်သာမရှိတော့ ကြုံတဲ့နေရာ အညစ်အကြေးစွန့်ကြတာတွေရှိတော့ စဖြစ်တာ၊ ဆေးပုလင်း ဒရစ်ဖ်ချိတ်ထားရင်း ဝမ်းသွားနေတဲ့သူတွေပါရှိတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်မရှိတော့ မနိုင်မနင်းဖြစ်နေတယ်၊ ဆေးလည်း မလုံလောက်ဘူး။ ကလေးတွေလည်းဖြစ်တယ်၊ လူကြီးပိုင်း အများဆုံးဖြစ်တယ်။ အသက် ၅၀ အထက် ပိုများတယ်၊ ကူးစက်တဲ့ပုံစံပါ ဖြစ်နေတာ၊ အခုက ရွာလုံးကျွတ်ဖြစ်မှာကို စိုးရိမ်နေကြတယ်” ဟု ၎င်းကပြောသည်။

ဖြစ်ပွားသူများအနက် အသက် ၆၀ မှ ၇၀ နှစ်အထက် အခြေအနေဆိုးရွားနေပြီး ဖြစ်ပွားသူ ၆၀ ဝန်းကျင်အနက် ၂၀ ဦးရေမှာ အသက်အန္တရာယ် စိုးစိုးရိမ်နေရကြောင်း ၎င်းကဆက်ပြောသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် ကျေးရွာများအနီးတွင် ရှောင်တိမ်းခိုလှုံနေရခြင်းဖြစ်၍ လုံခြုံရေးအခြေအနေကြောင့် ကျေးရွာနာမည်များကို မဖော်ပြရခြင်းဖြစ်သည်။

စစ်ကောင်စီဂိတ်များ၏ ဖမ်းဆီးစစ်ဆေးမှုများနှင့် ဆေးဝါးပြတ်လပ်မှုကြောင့် လူနာများ အသက်ဆုံးရှုံးသည့်အထိ ကျန်းမာရေးပြဿနာများ ရင်ဆိုင်နေရကြောင်း ဒေသခံများနှင့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀၀ ကျော်တွင် ဆေးပေးခန်းများ နည်းပါးပြီး ဆရာဝန်မရှိသလောက်ဖြစ်နေသလို စစ်ကောင်စီဂိတ်များက ဖမ်းဆီးစစ်ဆေးမှုများကြောင့် ဆေးဝါးဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ရွာ ၁၀ ရွာလျှင်သာ ဆေးပေးခန်းတခုသာရှိနေပြီး အဆိုပါ ဆေးပေးခန်းများတွင်လည်း တတ်ကျွမ်းသည့် ဆရာဝန်များမရှိဘဲ သူနာပြုနှင့် ဆေးရုံအကူတို့သာရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ၏ စစ်ကြောင်းရန်နှင့် လက်နက်ကြီး၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားများမှာ စာသင်ကျောင်း ဘုန်းကြီးကျောင်းများတွင် မနေရဲကြတော့ဘဲ တောတွင်း၊ ခြုံတွင်း၌သာ နေထိုင်ရခြင်းကြောင့် အညစ်အကြေးစွန့်ရန် အိမ်သာရှားပါးသည့် အခက်အခဲဖြစ်နေသည်။

”ရေတွေ မလုံလောက်ဘူး ချွေတာပြီး လက်ဆေးရေကို ပြန်သုံးနေရတယ်။ ‌ခွေး (စစ်ကောင်စီတပ်ဖွဲ့ဝင်) အန္တရာယ်နဲ့ ဝေးအောင်ဆိုတော့ ရေတွင်းနား မနေနိုင်တော့ဘူး။ အသက်လုံခြုံရေးကြောင့် ရေအခက်အခဲတွေ ဖြစ်နေတာ။ အိမ်သာက ယင်လုံအိမ်သာမရှိဘူးလေ၊ အခုက အိမ်သာနဲ့ကို မတက်ရတာ ဒီထက်ဆိုးဖို့ပဲရှိတယ်” ဟု တောတွင်းတိမ်းရှောင်နေသူတဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးခပ်စိပ်စိပ်ရွာသွန်းနေပြီး ကျောတခင်းစာ လုံရုံသာဆောက်ထားသည့် ထန်းရွက်တဲများမှာ ယိုင်နဲ့နေခြင်းကြောင့် မိုးရွာသည့်အခါ ငုပ်တုပ်ထိုင်နေရသည့် အခက်အခဲများလည်းရှိနေကြောင်း ၎င်းကဆိုသည်။

မြင်းခြံမြို့နယ် ကျေးရွာများကို ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး၊ မြို့ပေါ်တွင်သာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အုပ်ချုပ်ထားသည်။

စစ်ကောင်စီ၏ ဆေးဝါးကန့်သတ်မှုနှင့် ဖမ်းဆီးမှုကြောင့် စိုးရိမ်နေရသည့် အရပ်သားပြည်သူများမှာ နေ့စဥ်နှင့်အမျှ ပစ်ခတ်နေသော လက်နက်ကြီး၊ လေကြောင်းရန်များကိုလည်း ရင်ဆိုင်နေရသည်။

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...