ဝေါမြို့နယ်၊ စစ်တောင်းမြစ်နံဘေးရှိ ကျေးရွာများမှ ဒေသခံများ ရှောင်ရှားနေထိုင်ကြရန် ပကဖ အသိပေး

ဝေါမြို့နယ်၊ စစ်တောင်းမြစ်နံဘေးရှိ ကျေးရွာများမှ ဒေသခံများ ရှောင်ရှားနေထိုင်ကြရန် ပကဖ အသိပေး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်နှင့် ဝေါမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် လူထုထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရန် ဝေါမြို့နယ်၊ စစ်တောင်းမြစ်နံဘေးရှိ ဆင်ရွာ၊ သူရဲသမိန်၊ ဂျိုးလေး၊ မြစ်ကျိုး စသည့် ကျေးရွာနေဒေသခံများ နေအိမ်မှရှောင်ရှားနေထိုင်ကြရန် ဝေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့တွင် အသိပေးလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်သည့် တပ်မဟာ (၃) နယ်မြေ၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာနှင့်တစ်ဝိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ဧပြီလကတည်းက တိုက်ပွဲများဖြစ်ပေါ်နေပြီး ရွှေကျင်မှ ဝေါဘက်၊ ဝေါမှ ရွှေကျင်ဘက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်သည်။

စစ်တောင်းမြစ်အနီးအနားရွာများတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်း လွှတ်တင်တိုက်ခိုက်နေ၍ တော်လှန်ရေးတပ်ဖွဲ့ဘက်က တုံ့ပြန်နေရသည့်အခြေအနေတွင် ရွာခံများ ထိခိုက်မှုမရှိစေရန် ရှောင်ရှားခိုင်းရသည်ဟု ဝေါပကဖ ပြန်ကြားရေးတာဝန်ခံက ကေအိုင်စီသို့ ယခုလိုပြောသည်။

“လက်ရှိ စစ်တောင်းမြစ်နဲ့နီးတဲ့ရွာ ဝေါဘက်ကရွာတွေနေရာရွှေ့ဖို့လိုတယ်။ ရန်သူက ဆင်ရွာ၊ သူရဲသမိန်ဘက်ကနေ ပစ်နေတာ။ တော်လှန်ရေးတပ်ဖွဲ့ကလည်း ပြန်ပစ်တာရှိတယ်။ ဒီတော့ရွာတွေပေါ်ကျပြီးထိခိုက်မှာစိုးလို့ ရှောင်ခိုင်းတဲ့သဘောပါ” ဟု ဝေါ ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားစဥ်ကတည်းက အဆိုပါရွာရှိ ဒေသခံအများစု နေရပ်ရှောင်ရှားကြပြီးဖြစ်သော်လည်း မိမိတို့အိုးအိမ်ပစ္စည်း စိတ်မချရ၍ ဆက်လက်နေထိုင်သူတစ်ချို့ရှိနေသေးကြောင်း ၎င်းအဖွဲ့တာဝန်ခံ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ယမန်နေ့က တစ်နေ့လုံးနီးပါးဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း သူရဲသမိန်ရွာမှ အသက် (၅၀) ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသသတင်းမီဒီယာတချို့က ဖော်ပြထားသည်။

KNU - ဗဟိုဘက်ကလည်း စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် သူရဲသမိန်ရွာဘုန်းကြီးကျောင်း ဗုံးစထိမှန်ပျက်စီးရကြောင်း ထုတ်ပြန်သည်။

လက်ရှိမှာ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲအရှိန်အဟုန်မှာ ဝေါမြို့နယ်အတွင်းသာမက နယ်မြေထိစပ်နေသည့် ကျိုက်ထိုမြို့နယ်ဘက်က ကျေးရွာများသို့ပါ ရိုက်ခတ်နေပြီး စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖော်ပြပါမြို့နယ် ၃ ခုမှ စစ်ရှောင်နေရသည့် ဒေသခံသောင်းနှင့်ချီရှိလာကြောင်း ဒေသအလိုက် သတင်းအရင်းအမြစ်များမှ သိရသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...