အာဏာသိမ်း စစ်ကောင်စီသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို စစ်ရေးဗျူဟာတရပ်အနေဖြင့်ကျင့်သုံးကာ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနေခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်သည်ဟု NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ဧပြီ ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာတွင် ယခုလို ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
ထိုအစီရင်ခံစာတွင် အတင်းအကျပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များကို ဖော်ပြထားပြီး “လူငယ်များ၏ နေအိမ်များ၊ လုပ်ငန်းခွင်များနှင့် စစ်ဆေးရေးဂိတ်များတွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးမှုများကို ရင်ဆိုင်ခဲ့ရကြောင်း” ဆိုသည်။
စုဆောင်းခြင်းခံရသည့် လူငယ်များထဲတွင် အသက်မပြည့်သေးသည့် ကလေး သူငယ်များနှင့် စစ်မှုထမ်းရန် ရုပ်ပိုင်း၊စိတ်ပိုင်းမသန်စွမ်းသူများလည်း ပါဝင်ပြီး အမည်စာရင်းကောက်ကာ မိသားစုထံမှ ငွေညှစ်တောင်းခံသည့် ဖြစ်ရပ်များလည်း တွေ့ရသည်ဟု ဆိုသည်။ သို့သော် အရေအတွက်အားဖြင့် တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတဦးက စစ်မှုထမ်း စာရင်းတွင်မပါဝင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ တလလျှင် ငွေကျပ်သိန်းဂဏန်း ပေးနေရသည်ဟု မဇ္ဈိမသို့ ပြောသည်။
“ကျတော်က စာရင်းမပါသေးဘူး။ အသက်တော့ အကျုံးဝင်တော့ မပါအောင် အုပ်ချုပ်ရေးမှုကို တလ ဘယ်လောက်ဆိုပြီး ပေးနေရတယ်။ သူတို့က တခြား သူထည့်တာ။ ပြောရရင် လူဝယ်တဲ့သဘော” ဟု ၎င်းက ရှင်းပြသည်။
ယင်းကြောင့် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို ရပ်တန့်ရန် ထိရောက်သည့် စီးပွားရေး ပိတ်ဆို့မှုနှင့် လေယာဉ်ဆီ အပါအဝင် လက်နက်များ တင်ပို့ ရောင်းချမှုအား ပိတ်ပင်ခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း NUG က တိုက်တွန်းထားသည်။
ထို့ပြင် အိမ်နီးနားချင်းနိုင်ငံများအနေဖြင့်လည်း မြန်မာပြည်ထဲမှ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်များကို လူသားချင်းစာနာစောင့်ရှောက်မှုများ လုပ်ဆောင်ပေးရန် တိုက်တွန်းသည်ဟု NUG ကဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ကာ စစ်သားစုဆောင်းရေးများကို နိုင်ငံတဝှမ်း လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ဧပြီလ ၂၂ ရက်နေ့က အပတ်စဉ် ၁၂ ကို ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၁၃ အတွက် စစ်သားစုဆောင်းမှုများ လုပ်ဆောင်နေကြသည်။







