စစ်ကောင်စီက တစ်ဖက်သတ်အပစ်ခတ်ရပ်စဲသည်ဟု ကြေငြာထားသော ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်ရာနယ်မြေတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၁၁၀) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း ဧပြီလ ၂၇ ရက်တွင် KNU က ထုတ်ပြန်ပြောဆိုလိုက်သည်။
ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အတွင်း တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေငြာထားသည့် စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူလူထုပိုင် အိုးအိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း KNU က ပြောသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီက “လူသားချင်းစာနာထောက်ထားမှု ဥပဒေသအရရော၊ Code of conduct အရရော၊ စစ်မြေပြင်အရ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေတစ်ခုမှ သူလိုက်မနာဘူး။ ဒီအရပ်သားပစ်မှတ်ကိုပဲ တမင်တကာ ချေမှုန်းနေတာ။ စစ်ရှုံးတာရဲ့ ရလဒ်ကို လက်မခံနိုင်ပဲ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကူညီရကောင်းလားဆိုပြီး လူထုအပေါ်ကို သက်သက်မဲ့ ကလဲ့စားချေနေတယ်လို့ မြင်နေရတယ်။ သူတို့ကတော့ သေမထူးနေမထူးဆိုတဲ့ အခြေအနေအောက်မှာ နိုင်ငံတကာရာဇဝတ်ခုံရုံးကိုပဲရောက်ရောက် အဆုံးထိ ဆက်မိုက်နေမယ့်သဘောလို့ပဲ ကျနော်တို့က မြင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်၏ အပစ်ခတ်ရပ်စဲရေးကြေငြာချက်နှင့် ၎င်းတို့လက်တွေ့လုပ်ရပ်များသည် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သကဲ့သို့သာ ဖြစ်နေသည်ဟု KNUက ထောက်ပြပြောဆိုလိုက်သည်။
၎င်းအပြင် အပစ်ရပ်ကြေငြာထားသည့် ကာလအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် လေကြောင်းမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ (၆၃) ကြိမ် ပါဝင်ကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ လေကြောင်းတိုက် ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁၄) ဦး နှင့် ကိုရင် (၁) ပါး သေဆုံးခဲ့ကာ ဦးပဇ္ဇင်း (၂) ပါး၊ ကိုရင်ကြီး (၁) ပါးနှင့် အရပ်သား (၃၄) ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း (၅) ကျောင်းနှင့် နေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့အရပ်သား ၁၈ ဦး ထိခိုက်ဒဏ်ရာရ၍ ၅ ဦး သေဆုံးပြီး နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်ဆီးခဲ့သလို ၎င်းတို့ ထောင်ထားသည့် မိုင်းကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း KNU က အသိပေးသည်။
စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲရေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခြင်းသည် ၎င်းတို့ထံသို့ နိုင်ငံတကာအဖွဲ့အစည်းများထံမှ “လူသားချင်းစာနာထောက်ထားမှု အကူအညီများ” အား စီးဆင်းစေရန် ရည်ရွယ်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ လက်တွေ့တွင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို တော်လှန်ရေးအဖွဲ့အစည်းများ အုပ်ချုပ်ထားနိုင်သည့် မြို့ရွာများရှိ ပြည်သူလူထုများအား အဓိကပစ်မှတ်ထားပြီး အဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်ဟု KNU က ပြောသည်။
ထိုသို့သော လုပ်ရပ်များကြောင့် KNU အနေဖြင့် သဘာဝဘေးနှင့် စစ်ဘေးကို တပြိုင်နက်တည်း ခံစားနေကြရသော အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကာကွယ်ရေးအစီအမံများကို အဆက်မပြတ် လုပ်ဆောင်နေမည်ဖြစ်ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ မန္တလေးမြို့အနီး မတ်လ ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ငလျင်ဒဏ်သင့် ပြည်သူများအား စာနာသည်ဟုဆိုကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နိုင်ရန် ဧပြီ ၂ ရက်မှ ဧပြီ ၂၂ ရက်အထိ တစ်ဖက်သတ် ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ပထမအကြိမ် ကြေငြာခဲ့သည်။
ထို့နောက် ဧပြီလ ၂၂ ရက်မှ ဧပြီ ၃၀ ရက်အထိ သက်တမ်းထပ်တိုးခဲ့သည်။
စစ်ကောင်စီက ထိုသို့ တဖက်သတ် ယာယီအပစ်ရပ်ကြောင်း ကြေငြာထားသည့်ကာလအတွင်း KNU နယ်မြေအတွင်းအပါအဝင် မြန်မာနိုင်ငံအဝှမ်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်လိုလို လုပ်ဆောင်လျက်ရှိသည်။







