မြန်မာနိုင်ငံတွင် အပျက်အစီးများခဲ့သည့် မြေငလျင်လှုပ်ခတ်ပြီး တလကြာသည်အထိ လူပေါင်း ၄၀,၀၀၀ ကျော်သည် ယာယီတဲများနှင့် အခြားယာယီခိုလှုံရာနေများတွင် နေထိုင်နေကြရသည်ဟု Save the Children အဖွဲ့က ပြောကြားခဲ့သည်။
နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်လက်လှုပ်ခတ်နေသောကြောင့် ၎င်းတို့၏ နေအိမ်များတွင် ပြန်လည်နေထိုင်ရန်နှင့် နေအိမ်များကို ပြင်ဆင်မှုများ စတင်ရန် မဖြစ်နိုင်သေးဟု ဆိုသည်။
အဆိုပါငလျင်ကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ် အများအပြားအပါအဝင် လူပေါင်း ၂၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ကြရသည်။
၎င်းတို့အနက် လူပေါင်း ၄၂,၀၀၀ ခန့်သည် မိုးသည်းထန်ခြင်းနှင့် အပူလွန်ကဲခြင်းတို့ကဲ့သို့သော ပြင်းထန်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိသည့် ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော ယာယီခိုလှုံရာနေရာ ၁၄၅ ခုတွင် နေထိုင်နေကြရသည်။
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အများအပြားသည် ရေနှင့် ခြင်ကြောင့်ဖြစ်သော ရောဂါများဖြစ်သည့် ဝမ်းပျက်ဝမ်းလျော၊ သွေးလွန်တုပ်ကွေးနှင့် အရေပြားရောဂါတို့ကို ထိန်းချုပ်ရာတွင် အရေးပါသော သောက်သုံးရေသန့်ကို ရရှိရန် ရုန်းကန်နေရသည်။
မြန်မာနိုင်ငံတွင် ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံးဖြစ်သည့် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ ပြင်းအားရှိ မြေငလျင်သည် မတ်လ ၂၈ ရက်က နိုင်ငံအလယ်ပိုင်းကို. ဗဟိုပြု လှုပ်ခတ်သွားခဲ့ရာ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ထက်မနည်း သေဆုံးခဲ့ရကာ နောက်ထပ် လူပေါင်း ၄,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး လက်တွေ့တွင် အဆိုပါအရေအတွက် များစွာပိုနိုင်သည်။
ဒေတာအချက်အလက်စုဆောင်းရာတွင် စိန်ခေါ်မှုများရှိနေသည့်ပြင် အချက်လက်များကို လျှော့ချထုတ်ပြန်ခြင်းတို့ကြောင့် အဆိုပါ သဘာဝဘေးအန္တရာယ်၏ ထိခိုက်ပျက်စီးမှုအတိုင်းအတာကို အပြည့်အဝ သိရှိနိုင်ရန် ခက်ခဲနေသည်။
နေ့စဉ်နီးပါး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် မေလတွင် စတင်လေ့ရှိသည့် မိုးရာသီမတိုင်မီ အဆောက်အအုံများကို ပြန်လည်ပြင်ဆင်၊ တည်ဆောက်ခြင်း မပြုနိုင်မည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ယခုလအစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့နှင့် အနီးတဝိုက်မှ ငလျင်ဒဏ်သင့်မိသားစုများအတွက် ထူထောင်ထားသည့် ယာယီစခန်းတခုတွင် ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်။
အသက် လေးနှစ်အရွယ် ကလေးငယ်၏ မိခင်၊ အသက် ၃၂ အရွယ် မတင်တင်က ၎င်း၏ ပျဉ်ထောင်အိမ်သည် ငလျင်ကြောင့် ပျက်စီးသွားခဲ့သောကြောင့် အနီးအနားရှိ ဘောလုံးကွင်းတွင် မိသားစုနှင့်အတူ အိပ်စက်ခဲ့ရသည်ဟု ဆိုသည်။
ယင်းနောက် ဧပြီလ အစောပိုင်းမှစ၍ မိုးကာတဲဖြင့် နေထိုင်လျက်ရှိကြောင်းနှင့် အဆိုပါ မိုးကာတဲသည် လတ်တလေအတွက် အဆင်ပြေသော်လည်း မိုးသည်းထန်စွာရွာသွန်းလျှင်ဖြစ်စေ၊ အပူလွန်ကဲလျှင်ဖြစ်စေ အဆင်ပြေမည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
“အိမ်ပြင်ပြီးလို့ ဘေးကင်းကင်းနဲ့ ပြန်နေနိုင်တဲ့အချိန်အထိ ဒီမှာပဲ နေရမှာပေါ့။ ဒါပေမဲ့ နောက်ဆက်တွဲ ငလျင်တွေက ဆက်လှုပ်နေပြီး ဝင်ငွေကလည်း မရှိသေးတော့ ဘယ်ချိန်မှ ဒီလိုပြန်နေနိုင်မယ် မသိပါဘူး။ အဲ့ဒီအချိန်မတိုင်ခင်ထိတော့ ဒီမိုးကာတဲလေးကို အိမ်လို့ သတ်မှတ်ရမှာပဲ” လို့ မတင်တင်က ပြောကြားခဲ့သည်။
“မြန်မာကလေးငယ်တွေအတွက် အိမ်မက်ဆိုးက လွန်မြောက်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ကလေးသူငယ် အများအပြားဟာ ရေရှည်အဆင်ပြေမှာမဟုတ်တဲ့ ယာယီအမိုးအကာတွေမှာ နေထိုင်နေကြရပါတယ်။ မိုးမကျခင် စာသင်ကျောင်းတွေအပါအဝင် အရေးကြီးအဆောက်အအုံတွေကို ဘယ်လို ပြုပြင်ကြမလဲဆိုတာကိုလည်း ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။ ရုန်းကန်နေရတဲ့ မိသားစုတွေဟာ မိုးရာသီမှာ အခက်အခဲတွေ ပိုကြုံရနိုင်ပါတယ်” လို့ Save the Children မှ အာရှဒေသဆိုင်ရာ ခေတ္တညွှန်ကြားရေးမှူး ဂျရယ်မီ စတုန်းနာက ပြောကြားခဲ့သည်။
“အလှူရှင်တွေအနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့ လိုက်လျောညီထွေရှိတဲ့ နှစ်ရည်ရန်ပုံငွေတွေ အမြန်ဆုံး ပေးအပ်ဖို့ လိုပါတယ်။ လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ မလောက်မင ရန်ပုံငွေပုံစံမျိုးနဲ့ မပေးအပ်သင့်ပါဘူး။ အခုချိန်က ချက်ချင်း အရေးယူဆောင်ရွက်ရမယ့်အချိန် ဖြစ်ပါတယ်။ လူ့အသက်တွေက ဒီအပေါ်မှာ မှီတည်နေပါတယ်” လို့ ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ဒေသအများစုတွင် Save the Children နှင့် ၎င်း၏ မိတ်ဖက်များက အကူအညီများ ပေးအပ်လျက်ရှိသည်။
နေအိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသူများအတွက် အရေးပေါ် အသက်ကယ်ပစ္စည်းများနှင့် ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်အထိ Save the Children သည် လူပေါင်း ၂၂,၀၀၀ ကျော်အတွက် ဆန်၊ ပဲမျိုးစုံ၊ ဆား၊ ငါးသေတ္တာနှင့် အသင့်စားအစားအစာများ အပါအဝင် စားနပ်ရိက္ခာများကို ဖြန့်ဝေပေးခဲ့သည်။
ထို့ပြင် အိပ်ရာလိပ်၊ ခြင်ထောင်၊ မိုးကာ၊ နိုင်လွန်ကြိုးနှင့် ဝါးများအပါအဝင် အရေးပေါ်အိမ်သုံးပစ္စည်း ၁၀,၀၀၀ နီးပါးကိုလည်း ဖြန့်ဝေထားပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယာယီရွက်ဖျင်တဲ ၆၀၀ ကျော်ကိုလည်း တည်ဆောက်ပေးထားသည်။







