မန္တလေးတွင် အိမ်မပြို၊ မီတာမပျက်သူများ ဓာတ်အားသုံးစွဲသည့်အတွက် မီတာခပေးရမည်ဟုဆို

မန္တလေးတွင် အိမ်မပြို၊ မီတာမပျက်သူများ ဓာတ်အားသုံးစွဲသည့်အတွက် မီတာခပေးရမည်ဟုဆို

ပုံအညွှန်း – မန္တလေးရှိ ချမ်းအေးသာစံမြို့နယ်အတွင်း ပြိုကျပျက်စီး အဆောက်အအုံများကို ရှင်းလင်းနေမှုအား ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဥ်။ ငလျင်ဘေးတွင် အိမ်မပြို ၊ မီတာမပျက်သူများကို ဓာတ်အား ဆက် လက်ပေးထားပြီး မီးသုံးသူများအနေဖြင့်လည်း ဆက်လက်သုံးစွဲနေသည့်အတွက် ပုံမှန်ဓာတ်အားခပေး ဆောင်သည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု MESC ကပြောသည်။ (ဓါတ်ပုံ – MCDC)

ငလျင်ဘေးတွင် တိုက်ပြို၊ တိုက်ပိပျက်စီးသွားသည့်မီတာများအား သုံးစွဲယူနစ်များကောက်မရတော့သော်လည်း အိမ်မပြို၊ မီတာမပျက်သူများ မီတာခပေးဆောင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)ဉက္ကဋ္ဌ ဦးတင်အောင်က ယမန်နေ့ (ဧပြီလ ၂၂ ရက်) က စစ်ကောင်စီဝါဒဖြန့် MRTV ကို ဖြေဆိုထားသည်။

မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်ဧရိယာများရှိ အိမ်မပြို၊ မီတာမပျက်သူများကို ဓာတ်အား ဆက်လက်ပေး ထားပြီး မီးသုံးစွဲသူများအနေဖြင့်လည်း ဆက်လက်သုံးစွဲနေသည့်အတွက် ပုံမှန်ဓာတ်အားခပေးဆောင် သည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးတင်အောင်က ပြောသည်။

အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်း တပ်ဆင်ထားသည့် မီတာအလုံးရေ ၁၂ သိန်းခန့်တွင် ငလျင်ကြောင့် တိုက်ပြို၊ တိုက်ပိပျက်စီးသွားသည့် မီတာအလုံးရေ ၆,၀၀၀ ကျော်ရှိကြောင်း MESC ၏ စာရင်းအရ သိရသည်။

ပျက်စီးသွားသည့် မီတာ ၆,၀၀၀ ‌ကျော်နှင့်ပတ်သက်၍ ငလျင်မလှုပ်ခင်အထိ သုံးစွဲထားသည့် ယူနစ်များကို စာရင်းကောက်မရတော့သည့်အတွက် အပျက်အစီးစာရင်းသာ မှတ်ထားနိုင်သေးကာ လတ်တလောတွင် မီတာခကောက်ခံခြင်းမရှိသကဲ့သို့ မီတာဘေလ်ထွက်ခြင်းလည်းမရှိဟု ဦးတင်အောင်က ဆိုသည်။

အဆိုပါ မီတာ ၆,၀၀၀ ကို လက်ရှိတွင် မီးလည်းမပေးဘဲ ရပ်ဆိုင်းထားပြီး မီတာခမကောက်ဟုဆိုသော်လည်း နောက်ပိုင်းမည်သို့ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း မပြောဆိုပေ။

ငလျင်ဒဏ်သင့်ဧရိယာရှိ ကျန်မီတာများကိုမူ ယခုလတွင် မီတာမဖတ်နိုင်သည့်အတွက် မေလပထမပတ်တွင် နှစ်လစာပေါင်းဖတ်မည်ဟု ၎င်းကပြောသည်။

“ဖတ်လို့ရတဲ့ယူနစ်ကို လေးလပိုင်းအတွက်နဲ့ ငါးလပိုင်းအတွက် နှစ်လပေါင်းပြီးဖတ်သလိုဖြစ်တဲ့အတွက်ကြောင့် နှစ်နဲ့စားပါ့မယ်။ ပျမ်းမျှလုပ်ပါ့မယ်။ အိမ်တအိမ်က မီတာယူနစ် ၁,၀၀၀ ဆိုရင် လေးလပိုင်းအတွက်က ၅၀၀၊ ငါးလပိုင်းအတွက်က ၅၀၀ စုစုပေါင်းဖတ်လို့ရတဲ့ ၁,၀၀၀ ကို နှစ်လခွဲပြီး ဘေလ်နှစ်စောင်ထွက်ပြီး တောင်းခံသွားခြင်းကို ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးတင်အောင်က ပြောသည်။

ဧပြီလ ၂၁ ရက်နေ့က လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် စစ်ကောင်စီ၏ အသိပေးကြေညာချက်တစောင်တွင် ငလျင်ကြောင့် ပျက်စီးမှုမရှိသဖြင့် မီတာဖတ်ရှုနိုင်သည့် မီးသုံးစွဲသူများအနေဖြင့် မတ်လအတွက် မီတာဘေလ်ရရှိပါက သတ်မှတ်ရက်အတိုင်းပေးဆောင်ရန်၊ ပျက်စီးမှုရှိသော အဆောက်အဦများတွင် မတ်လအတွက် မီတာဘေလ်မရရှိသူများ မေလတွင် မတ်လနှင့် ဧပြီလအတွက် နှစ်လစာပေါင်းပြီး ပေးဆောင်ရန် ဖော်ပြထားသည်။

ငလျင်ဒဏ်သင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း ပြီးခဲ့သည့်မတ်လအတွက် မီတာခ ကောက်ခံသည့်စာရွက်များ ရောက်မလာသေးကြောင်း ဇမ္ဗူသီရိနှင့်ဉတ္တရသီရိမြို့နယ်တို့တွင်နေထိုင်သည့် ဒေသခံများက ပြောသည်။

“(မီတာခကင်းလွတ်ခွင့်ပေးမယ်လို့) မထင်ပါဘူး။ မင်းအောင်လှိုင်က ငဲ့ညှာစိတ်လည်း ရှိမှာမဟုတ်ဘူး။ ဒေါ်စုဆိုရင်တော့ ဒီလိုအချိန်မှာ အဲဒီလိုလုပ်ပေးလိမ့်မယ်” ဟု နေပြည်တော်မှ ဒေသခံတဦးကပြောသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

နိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) ကလည်း ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါဒေသများတွင် နေအိမ်ပြိုကျပျက်စီးမှု အများအပြားရှိခဲ့ပြီး မပြိုကျသော်လည်း လူနေထိုင်ရန် မသင့်တော်တော့သည့်အတွက် ဖြိုဖျက်ရမည့်အိမ်များ၊ အဆောက်အဦများလည်း မြောက်များစွာရှိသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...