စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်လိုက်သည့် ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်စရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ယမန်နေ့တွင် တုံ့ပြန်ပြောသည်။
မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက်ဆိုကာ ယာယီအပစ်ခတ်ရပ်စဲရေးပြုလုပ်ရန် ကြေညာထားသည့် ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိကာလကို ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်သည်ဟု ဧပြီလ ၂၂ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
လက်တွေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု ထွက်ပြေးရှောင်တိမ်းနေရသည့် အခြေအနေ၌ စစ်ကောင်စီ၏ အပစ်ရပ်သက်တမ်းတိုးမှုသည် မြေပြင်ထိုးစစ်ဆင်ရန် အင်အားနည်းလာသည့် ၎င်းတို့ အကျိုးအမြတ်ရရှိစေရေး အကြောင်းပြချက်သာဖြစ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ အယုံမလွယ်ကြရန် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ပြောသည်။
“ကျနော့်အမြင်အရ မင်းအောင်လှိုင်က သူ့စစ်တပ်အတွက် အကျိုးအမြတ်ပိုများလာအောင်လုပ်တာ။ ယာယီအပစ်ရပ်မယ်ဆိုတာ အကြောင်းပြချက်ပဲ။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့တွေကို ထောင်ချောက်ဆင်တာ။ အပစ်သာ တကယ်ရပ်မယ်ဆို လေယာဉ်တွေ လွှတ်စရာအကြောင်းမရှိဘူး။ အနှစ် ၇၀ ကျော် ကျနော်တို့ရဲ့ တော်လှန်ရေးအတွေ့အကြုံအရ မာနယ်ပလော ကာလတုန်းကလည်း ဒီတိုင်းပဲ သူတို့ပြောဖူးတယ်။ ကျနော်တို့ ယုံမိတော့ ကျနော်တို့ ခံလိုက်ရတယ်။ တို့လက်နက်ကိုင်အဖွဲ့တွေကတော့ အယုံမလွယ်ကြနဲ့ပေါ့” ဟု ဗိုလ်မှုးချုပ် စောရှီးလေက ပြောသည်။
စစ်ကောင်စီက ယာယီအပစ်ရပ်ကာလအဖြစ် စတင်သတ်မှတ်သည့် ဧပြီလ ၂ ရက်နေ့က ကြေညာချက်တွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အင်အားစုဆောင်းခြင်း၊ နယ်မြေချဲ့ ထွင်ခြင်း၊ ၎င်းတို့စစ်တပ်၊ ဌာနဆိုင်ရာနေရာများကို တိုက်ခိုက်ခြင်း မပြုလုပ်ရန် ထည့်သွင်းဖော်ပြခဲ့သည်။
တဖက်တွင် တိုက်ပွဲမရှိဘဲ ဧပြီလ ၂ ရက်နေ့ညနေပိုင်းက KNU တပ်မဟာ (၅) နယ်မြေသို့ လေကြောင်းလာရောက်ပစ်ခတ်ခဲ့သဖြင့် ၃ လသားနှင့် ၁၂ နှစ်အရွယ် ကလေးငယ်သေဆုံးပြီး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ တပ်မဟာ (၄) နယ်မြေဘက်တွင်လည်း စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံနှင့် KNU တာဝန်ရှိသူတို့မှ သိရသည်။
ယင်းအပြင် တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်၊ ကရင်ရွာများအပါအဝင် ကျေးရွာအများပြားရှိ ဘုန်းကြီးကျောင်းများ၊ လူနေထိုင်ရာနေအိမ်များသို့ ဧပြီ ၁၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ပြင်းထန်စွာ လုပ်ဆောင်ခဲ့သဖြင့် သံဃာတော်နှင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်။
NMSP-AD (မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောခွင့်ရ နိုင်ကောင်းစကားက “အပစ်ရပ်တယ်လို့ စပြောတဲ့နေ့ကတည်းက ဒီနေ့အချိန်ထိ စစ်ကောင်စီက ဘာမှတိုက်ပွဲမရှိတဲ့ ပြည်သူလူထုရဲ့ အိုးအိမ်နေရာတွေကို နေ့တိုင်း ဗုံးကြဲမပြတ်ပဲ။ ဘယ်လိုမှ ယုံကြည်လို့ရတဲ့ အနေအထားမဟုတ်ဘူး။ လေပေါ်မှာပဲပြောနေတာ နိုင်ငံရေးအရ လူကြားကောင်းအောင် ပြောနေတာလို့ပဲ ကျနော်တို့ယူဆတယ်” ဟု စစ်ကောင်စီ၏ အပစ်ရပ်သက်တမ်းတိုးကြေညာချက်အပေါ် တုံ့ပြန်ပြောသည်။
အလားတူ KNU တပ်မဟာ (၁)၊ တပ်မဟာ (၃) ဘက်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးဝင်လာမှုနှင့် ကျေးရွာများ၊ ဘုန်းကြီးကျောင်းများကို ပစ်ခတ်တိုက်ခိုက်မှုတို့ရှိခဲ့ပြီး ယခု ဧပြီလ တတိယပတ်တစ်အပတ်အတွင်း KNU ထိန်းချုပ်နယ်မြေများ၌ သေဆုံးသူ ရဟန်းရှင်လူ ၂၀ ကျော်နှင့် ထိခိုက်သူ ၄၀ ဦးရှိလာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူတို့က ပြောသည်။
မြန်မာနိုင်ငံတောင်ပိုင်းတိုင်းသာမက ငလျင်ဒဏ်အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရသည့် အလယ်ပိုင်းတိုင်းရှိ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာများသို့ တိုက်ပွဲဖြစ်စဥ်မရှိသော်လည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်သည်အပါအဝင် ထိခိုက်သေဆုံးသည့် ပြည်သူအများအပြားရှိနေသည်ဟုလည်း ဒေသသတင်းမီဒီယာများက ဖော်ပြကြသည်။







