မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုသည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားကြီးငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည်။ (AFP)
မန္တလေးမြို့တွင် မတ်လ ၂၈ရက်က ငလျင်ကြောင့် ပြိုကျသွားခဲ့သော အဆောက်အဦအချို့အတွင်း ကျန်ရှိနေသည့် တန်ဖိုးကြီးပစ္စည်းများ၊ ရွှေ၊ငွေများကို ပြန်မရသေးသော ပိုင်ရှင်များက လူမှုကွန်ရက်မှတဆင့် ပြောဆိုဝေဖန်လာကြသည်။
ငလျင်လှုပ်ခတ်မှုအတွင်းပြိုကျသွားခဲ့သော မန္တလေးမြို့ရှိ Sky Villa ကွန်ဒို၌နေထိုင်ခဲ့သည့် သုခဒိုင်းမွန်းစိန်တိုက်မှမိသားစုဝင်တဦးက ၎င်းတို့မိသားစုပိုင် တန်ဖိုးကြီးရတနာပစ္စည်းများ ပြန်မရကြောင်း ယမန်နေ့ (ဧပြီ ၂၀ ရက်) က လူမှုကွန်ရက်တွင် ရေးသားထားသည်။
”အိမ်ထဲမှာကျန်ခဲ့တဲ့ ပစ္စည်းစာရင်းပေးပါဆိုလို့ တချို့တစ်ဝက် ပစ္စည်းတွေပုံနဲ့တကွ ပေးထားလိုက်ပါတယ်။ မနေ့က (ဧပြီလ ၁၉ ရက်) ပစ္စည်းတချို့ရထားတယ် လာယူပါဆိုလို့ သွားယူတော့ သမီးငယ်လေးပက်စ်စပို့ရယ်၊ ပီးချူးရုပ်လေးနှစ်ရုပ်ရယ်ပြန်ပေးလိုက်ပါတယ်။ ကျန်တဲ့ပစ္စည်းတွေဘာသတင်း ဘာအစအနမှ မမြင်ရ မကြားရသေးပါဘူး” ဟု သုခဒိုင်းမွန်းစိန်တိုက်မှ မိသားစုဝင်တဦးကရေးသားထားသည်။
အခြားသောမိသားစုများမှာလည်း ပိုင်ဆိုင်မှုပစ္စည်းများပြန်မရကြောင်း၊ ကွန်ဒိုအားဖြိုချသည့်အချိန်၌ သက်ဆိုင်ရာအခန်းပိုင်ရှင်များမှ ဝင်ရောက်၍ ၎င်းတို့ပိုင်ပစ္စည်းများကို ရှာဖွေလိုသော်လည်း ဝင်ခွင့်မရကြောင်း ၎င်းက ရေးသားထားသည်။
သုခဒိုင်းမွန်းစိန်တိုက်မှပင် အခြားသောမိသားစုဝင်တဦးကလည်း “ပစ္စည်းတွေလဲ ပြန်မရပါဘူး။ အမေ့ဖုန်း အမဖုန်းလဲ ပြန်မရဘူး။ သားသား laptop iPadတွေ လဲပြန်မရပါဘူး။ စိန်ရွှေကျောက်တွေရဖို့နေနေသာသာ ဖုန်းလိုမျိုး တန်ဖိုးအရမ်းမကြီးတာတောင်ပြန်မရပါဘူး” ဟု ယနေ့တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။
ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း၌ သုခဒိုင်းမွန်းစိန်တိုက်မှ မိသားစုဝင်လေးဦးနှင့် ဝန်ထမ်းသုံးဦး စုစုပေါင်းခုနစ်ဦး သေဆုံးခဲ့သည်။
အလားတူ မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်၌ တည်းခိုနေစဥ် ငလျင်ကြောင့် ပြိုကျ၍ ဟိုတယ်အောက် ပိတ်မိသေဆုံးသွားရသူတဦး၏ ဇနီးဖြစ်သူကလည်း ၎င်းတို့ပိုင်တန်ဖိုးကြီးကျောက်စိမ်းများပါဝင်သည့်ခရီးဆောင်အိတ်ကို ရှာဖွေပေးရန် ဟိုတယ်သို့တောင်းဆိုခဲ့သော်လည်း ပြန် မရသေးကြောင်း ဧပြီ ၁၆ ရက်က လူမှုကွန်ရက်၌ရေးသားဖော်ပြခဲ့သည်။ ပြန်လည်ရရှိကြောင်းဖော်ပြထားခြင်းမျိုးယနေ့ထိ မရှိသေးပေ။
အရေးပေါ်ကူည်ဆယ်ရေးများလုပ်ဆောင်ခဲ့စဉ်က တွေ့ရှိသည့် တန်ဖိုးကြီးပစ္စည်းများ၊ ငွေကြေးများကို ယင်းနေရာသို့ လာရောက်ကြီးကြပ်နေသည့် စစ်ကောင်စီဌာနဆိုင်ရာများနှင့် ရဲတပ်ဖွဲ့သို့ အပ်နှံပေးခဲ့ကြောင်းနှင့် ပိုင်ရှင်များလက်ဝယ်သို့ ပြန်အပ်ရေးသည် ဌာနဆိုင်ရာများက ဆက်လုပ်ခြင်းဟု လူမှုကူညီရေးအဖွဲ့အချို့က ပြောသည်။
“အထဲကနေ dead body တွေ တန်ဖိုးကြီးပစ္စည်းတွေ ရတာမျိုးရှိရင်တော့ အဲ့ဒီနားမှာက ရဲတွေရော ဌာနဆိုင်ရာတွေရော အကုန်ရှိတယ်လေ။ အားလုံး သိမ်းဆည်းပြီးတော့ ဘယ်သူပိုင်တဲ့ ဘာဆိုတဲ့ဟာကို ဘယ်အခန်းဆိုတာသိနေတာပဲလေ။ အခန်းနံပတ်ဘယ်လောက်ဆိုတာမျိုးနဲ့ သိမ်းတယ်။ ပြန်အပ်ဖို့ပေါ့လေ။ အဲ့တာတွေ (ပိုင်ရှင်ထံ ပြန်အပ်ရေး) က ကျွန်တော်တို့အပိုင်းတွေတော့ မဟုတ်ဘူး။ ကျွန်တော်တို့အလုပ်မဟုတ်ဘူး” ဟု Sky Villa ကွန်ဒို၌ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူတဦးကပြောသည်။
အဆောက်အဦးပြိုကျမှုတွင် ပါဝင်သွားသည့် တန်ဖိုးကြီးပစ္စည်းများ၊ ငွေကြေးများ ပြန်ရသူအချို့လည်းရှိပြီး မရသူများက လူမှုကွန်ရက်မှတဆင့် ဝေဖန်လာကြခြင်းဖြစ်သည်။ ရှာဖွေကယ်ဆယ်ရေးတွင် တန်ဖိုးကြီးပစ္စည်းများအား ပိုင်ရှင်များထံ ပြန်အပ်သည့်လုပ်ငန်းစဉ်ကို မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခဲ့သည့်ငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊နေပြည် တော်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့သည်။ အချို့ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြရဆဲဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူများသည် စားနပ်ရိက္ခာနှင့်နေထိုင်ရေး အကူအညီများလိုအပ်နေကြသည်။
စစ်ကိုင်းမြို့နှင့်မန္တလေးမြို့တွင် မတ်လ ၂၈ ရက်နေ့ အင်အားကြီးငလျင်ကြောင့် အဆောက်အဦ ၁,၀၉၅ ခု ထိခိုက်ပျက်စီးခဲ့ပြီး နောက်ထပ် ထိခိုက်နိုင်ခြေရှိသည့် အဆောက်အဦ ၁,၃၂၅ ခုရှိကြောင်း ကုလသမဂ္ဂ လေ့ကျင့်မှုနှင့် သုတေသန အင်စတီကျု (UNITAR) နှင့် ကုလသမဂ္ဂဂြိုဟ်တုတိုင်းထွာရေးအဖွဲ့ (UNOSAT)တို့က မတ်လ ၃၀ ရက်ကရရှိထားသော ပုံရိပ်ပြတ်သားမှုမြင့်မားသည့် ဂြိုဟ်တုပုံရိပ်များအပေါ် အခြေခံပြီး မြေပုံနှင့်တကွထုတ်ပြန်ထားသည်။







