ရခိုင်မြို့နယ်အချို့တွင် ငွေကျပ် ၅၀ တန်ကနေ ၂၀၀ တန်ထိ ငွေစက္ကူများ အသုံးမဝင်ဖြစ်နေ၍ ပြည်သူများ အခက်တွေ့

ရခိုင်မြို့နယ်အချို့တွင် ငွေကျပ် ၅၀ တန်ကနေ ၂၀၀ တန်ထိ ငွေစက္ကူများ အသုံးမဝင်ဖြစ်နေ၍ ပြည်သူများ အခက်တွေ့

ရခိုင်ပြည်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် စသည့် အာရက္ခတပ်တော် ထိန်းချုပ်ရာ မြို့နယ်များတွင် ငွေကျပ် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် စသည့် ငွေစက္ကူများအား ဈေးဆိုင်ပိုင်ရှင်များက လက်မခံတော့သဖြင့် အသုံးမဝင်ဖြစ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ငွေများကို ဈေးနှင့် ကုန်စုံဆိုင်အပြင် အရောင်းအဝယ်များလုပ်ရာတွင် လုံးဝ လက်မခံတော့ပေ။ ယင်းကြောင့် ငွေစက္ကူ လက်ထဲတွင်ရှိနေသည့် ပြည်သူများမှာ နစ်နာနေကြရခြင်းဖြစ်သည်။

“မုန့်တစ်ခုကို ပိုက်ဆံတစ်ထောင့်နှစ်ရာပေးရရင် တစ်ထောင်တန်နဲ့ နှစ်ရာတန်ပေးတာကို နှစ်ရာတန်ကို ဆိုင်ရှင်တွေက မယူဘူး။ တစ်ထောင်တန်နှစ်ရွက် ဒါမှမဟုတ် တစ်ထောင်တန်နဲ့ ငါးရာတန်ကို ထုတ်ပေးရတယ်။ အကြွေကို အသုံးမပြုလို့ သူတို့ဘက်က ပြန်အမ်းငွေအတွက် ပိုက်ဆံ ပြန်မရဘူး။ သကြားလုံးတို့ ဘာတို့ ယူခိုင်းတယ်” ဟု ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ငွေစက္ကူအကြွေများအား အသုံးမပြုဘဲ ဖြစ်လာနေ၍ ဈေးရောင်းချရာတွင် ဒေသခံများအကြား မကြာခဏ အချေအတင် စကားများရကြောင်းလည်း ပြောဆိုကြသည်။

ယင်းအပြင် ကျသင့်သည့် ပစ္စည်းတန်ဖိုးကို ငွေကျပ် ၁၀၀ တန် ၂၀၀ တို့ဖြင့် ဈေးဝယ်ရာတွင်လည်း ဆိုင်ပိုင်ရှင်က အဆိုပါ ငွေစက္ကူများကို လက်မခံဘဲ ငြင်းဆိုကြောင်း ပြောဆိုကြသည်ဟု သိရသည်။

“ပိုက်ဆံ အကြွေကို အသုံးမပြုကြတော့လို့ ပစ္စည်းရောင်းချရတာတွေလည်း ကတ်သီးကတ်သတ်ဖြစ်တယ်။ ပြီးတော့ နဂိုကရှိတဲ့ အကြွေတွေ လက်ထဲမှာ အများကြီးရှိတယ်။ ဘယ်သူမှလည်း ပြန်အမ်းလို့ မယူကြတော့ဘူး။ မဝင်တော့ဘူး ပြောတယ်။ ဒါဆိုရင် တချို့မှာလည်း ငွေအကြွေအများကြီးရှိနေတော့ဘာမှ ဝယ်စားလို့ မရတော့ ဘူးဖြစ်နေတယ်” ဟု နောက်ထပ် ကျောက်တော်မြို့နယ်မှ ဈေးဆိုင်ရောင်းချသူတစ်ဦးက ပြောသည်။

အနည်းငယ် ဟောင်းနွမ်း၊ စုတ်ပြဲနေသည့် ငွေစက္ကူ ၅,၀၀၀ တန် နှင့် ၁၀,၀၀၀ ကျပ်တန်တို့ကိုလည်း လက်ခံခြင်းမရှိတော့သဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်ရာတွင်ပိုပြီး အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦး ဒေသခံတစ်ဦးက “လက်ထဲမှာရှိတဲ့ နည်းနည်းပါး ဟောင်းနွမ်းနေတဲ့ ငါးထောင်တန်၊ တစ်သောင်းတန်တွေကတော့ ဒီအတိုင်းပဲ ရှိနေတယ်။ အသုံးမဝင်တော့ဘူး။ အရင်တုန်းကဆိုရင် ဘဏ်တွေမှာ သွားလဲလို့ ရတယ်။ အခုကတော့ ဘဏ်လည်းမရှိတော့ ဒါတွေကြောင့် အားလုံးနစ်နာရတယ်” ဟု ပြောသည်။

ငွေစက္ကူသည် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးအပါဆုံးအရာဖြစ်သည့်အတွက် အများပြည်သူ လှည့်လည်သုံးစွဲသည့် ငွေစက္ကူများကို တန်ဖိုးထား၍ စနစ်တကျသုံးစွဲနိုင်ရန် လိုအပ်သည်။

လက်ရှိတွင် ငွေစက္ကူ အကြွေများ အသုံးမပြုခြင်းအပါအဝင် ဟောင်းနွမ်း၊ စုတ်ပြဲနေသည့် ငွေစက္ကူ ၅,၀၀၀ နှင့် ၁၀,၀၀၀ ကျပ်တန်တို့အား အသုံးမပြုသည့်ကိစ္စကို ULA/AA က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းစေလိုကြောင်း ဒေသခံများက DMG သို့ ပြောသည်။

သို့သော် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီသည် ရခိုင်ပြည်ကို ကုန်းလမ်း၊ ရေလမ်းခရီးအား ဖြတ်တောက်ထားပြီး တိုက်ပွဲနောက်ဆက်တွဲအနေဖြင့် မြို့နယ်အများအပြားမှ ဘဏ်များပိတ်ထားရ၍ ယခုကဲ့သို့ ငွေစက္ကူ ပြဿနာများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သူများက ပြောသည်။

ရခိုင်ဒေသခံ ဘဏ်ဝန်ထမ်းတစ်ဦးက “အဓိကတော့ ဘဏ်မရှိတော့တာနဲ့ သက်ဆိုင်တယ်။ ဒီအတိုင်းဆိုရင် နောက်သုံးနှစ်လောက်အထိ ဒီငွေစက္ကူပြဿနာကို အေအေက မကြပ်မတ်နိုင်ရင် ငွေကြေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ အကြွေပိုက်ဆံတွေက စက္ကူ သာသာပဲ ဖြစ်သွားမယ်။ ဘဏ်စနစ်လည်း မလည်ပတ်တော့ လဲလှယ်တာတွေလည်း လုပ်လို့မရဘူး။ ဒါကြောင့် ဒီငွေကြေးပြဿနာက အားလုံးကို ထိခိုက်နစ်နာမှာ သေချာတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် အောက်တိုဘာလတို့တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စ သည့် မြို့နယ်များ၌  ဟောင်းနွမ်းငွေစက္ကူများအား လက်ခံကြရန်နှင့် လက်မခံပါက အရေးယူမည်ဟု အာရက္ခတပ်တော်က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း မြေပြင်တွင် လက်ရှိအချိန်အထိ ဟောင်းနွမ်းငွေစက္ကူများကို အသုံးပြုလာခြင်း မရှိသေးသည့်အပြင် ငွေစက္ကူအကြွေများကိုပါ အသုံးမပြုမှု ဖြစ်လာနေသဖြင့် ပြည်သူအားလုံး နစ်နာနေခြင်းဖြစ်သည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...