မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေကို စစ်ကောင်စီ ဆက်တိုက်ခွင့်ပြုပေးနေ

မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေကို စစ်ကောင်စီ ဆက်တိုက်ခွင့်ပြုပေးနေ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

နိုင်ငံတဝန်းမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ မြင့်တက်နေချိန် မွန်ပြည်နယ်မှာတော့ ပြည်နယ်စစ်ကောင်စီက ပွဲလမ်းသဘင်တွေကို ဆက်တိုက်ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူတွေဟာ ပူဆွေးသောကရောက်နေချိန် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ကတော့ မော်လမြိုင်မြို့ပေါ်အပါအဝင် ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတွေမှာ ပျော်ပွဲရွှင်ပွဲတွေကို ဆက်လက်ခွင့်ပြုပေးနေတာပါ။

တဖက်မှာတော့ ဒေသတွင်းရှိ ပရဟိတ အဖွဲ့အစည်းတချို့နဲ့ လူငယ်တွေဟာ ငလျင်ဘေးသင့်ဒေသတွေကို လှူဒါန်းနိုင်ဖို့ ကိုယ်ထူကိုယ်ထ အလှူငွေကောက်ခံတာတွေ လုပ်ဆောင်နေပေမယ့် ပြည်နယ်စစ်ကောင်စီကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပွဲလမ်းသဘင်တွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ စစ်ကောင်စီဟာ ဇာတ်ပွဲတွေ သွင်းခွင့်ပြုကာ လောင်းကစားဝိုင်းတွေကို လနဲ့ချီပြုလုပ်နေတဲ့အတွက် လက်ရှိတခြားဒေသတွေမှာ ငလျင်ဘေးကြောင့် ပူဆွေးဒုက္ခရောက်နေချိန် အခုလိုပျော်ပွဲရွှင်ပွဲတွေ ခွင့်မပြုသင့်ဘူးလို့ ပြောပါတယ်။

“လောင်းကစားပွဲတွေကများတယ်။ အခုကကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီ‌ဒေါင်ဝိုင်း၊ အံဂလုံဝိုင်းက လနဲ့ချီပြီးတော့ကို လုပ်နေတာ။ ဘေးတွေကအမျိုးမျိုးပဲ၊ တစ်ခုပြီးတစ်ခု မိုးရာသီဆိုတာနဲ့ရေဘေး၊ အခုက ငလျင်ဘေး ဖြစ်နေတဲ့အပေါ်မှာ ခံစားသွားတဲ့ လူတွေကတော့ ပူဆွေးဒုက္ခအမျိုးမျိုး ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ဘက်ကတော့ ပြည်သူတစ်ယောက်အနေနဲ့ ပြောမယ်ဆို ဒါတွေက မပျော်သင့်ဘူးပေါ့နော်။ ပျော်ပွဲရွှင်ပွဲတွေ ခွင့်မပြုသင့်ဘူးလို့ ကျွန်တော်တော့ထင်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိဒေသတွင်းမှာလည်း စစ်ကောင်စီက အခုလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ ဇာတ်ပွဲတွေသွင်းပြီး လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ခွင့်ပြုထားတာကြောင့် စာရိတ္တတွေပျက်ပြီး မကြာခဏ ခိုးမှု၊ လုယက်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံနောက်တစ်ဦးကလည်း စစ်ကောင်စီက အခုလို ပွဲလမ်းသဘင်တွေနဲ့ စည်ကားအောင် လုပ်ဆောင်တာဟာ မွန်ပြည်နယ်ကို သူတို့ ကောင်းကောင်းထိန်းချုပ်ထားနိုင်တာကို ပြသချင်တာကြောင့်ဖြစ်သလို လောင်းကစားဝိုင်းတွေ အဆင်ပြေအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ကျွန်တော် စိတ်ထင် နှစ်ခုပေါ့။ တစ်ခုကကျတော့ နိုင်ငံရေးအရ ရုပ်ပြကောင်းအောင်ပေါ့။ မွန် ပြည်နယ်ဆိုရင် သူတို့ ကောင်း‌ကောင်း ထိန်းချုပ်ထားနိုင်တယ်လို့ သူတို့ကအမြဲတမ်း ကြွားစရာတစ်ခုလို ဖြစ်တာပေါ့။ ဆိုတော့ ရွေးကောက်ပွဲကိစ္စက ရှိနေပြန်တော့ သူတို့မှာလည်း ဒီလိုမျိုးစည်စည် ကားကား သူတို့ထိန်းချုပ်နိုင်တဲ့နေရာမျိုး ရှိတယ်ဆိုတာကိုလည်း ထုတ်ပြချင်တာပေါ့။ သူတို့အ တွက် နိုင်ငံရေးအမြတ် လိုချင်တယ်။ သူတို့ လောင်းကစားဝိုင်းတွေ အဆင်ပြေအောင်ပဲ ထင်ပါတယ်။ ကျန်တာတော့လည်း ဘယ်သူက ပျော်နိုင်လို့လဲ ဒီကာလက” လို့ ဆိုပါတယ်။

အခုလို တခြားဒေသတွေမှာ ပြည်သူတွေ ငလျင်ဘေးကြောင့် စိတ်သောကရောက်နေချိန် မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေ ခွင့်ပြုတာဟာ တခြား‌ဒေသအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသလို သူများပြောစရာလည်း ဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီ လက်အောက်ခံတွေဟာ ပွဲလမ်းသဘင်တွေကို ခွင့်ပြုပေးပြီး လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ဖွင့်ခွင့်ပြုထားသလို ပွဲလမ်းသဘင်မှ အချိန်မတော် ပြန်တဲ့လူငယ်တွေကိုလည်း စစ်မှုထမ်းစစ်သားစုဆောင်းမှုတွေ ရှိနေတာပါ။

စစ်ကောင်စီက ခွင့်ပြုထားတဲ့ ပွဲလမ်းသဘင်တွေမှာတော့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက လက်နက်ကိုင်ဆောင်ကာ လောင်းကစားဝိုင်းတွေကို လုံခြုံရေးယူပေးထားတဲ့အပြင် လောင်းကစားဝိုင်းတွေက ပိုက်ဆံရရှိမှုအပေါ် မူတည်ပြီး ပွဲရက်ရှည် ကျင်းပနေကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အခုလို စစ်ကောင်စီက ပျော်ပွဲရွှင်ပွဲတွေ ခွင့်ပြုပေးနေပေမယ့် ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က ပြင်းအားကြီးမားတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတဝန်းမှာ လူပေါင်း သုံးထောင်ကျော် အသက်သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...