ငလျင်ဘေး ကူညီကယ်ဆယ်ရန်ဟုဆိုကာ အကောင့်တုများဖြင့် အလှူခံလိမ်လည်မှုတိုးလာ

ငလျင်ဘေး ကူညီကယ်ဆယ်ရန်ဟုဆိုကာ အကောင့်တုများဖြင့် အလှူခံလိမ်လည်မှုတိုးလာ

ငလျင်ဘေး ကူညီကယ်ဆယ်ရန်ဟုဆိုကာ အကောင့်တုများဖြင့် ပြည်သူလူထုများထံ  အလှူခံလိမ်လည်မှုတိုးလာနေကြောင်း  ငလျင်ဘေး ပါဝင်ကူညီနေသည့် စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ဒီဂျစ်တယ်အရေး ကူညီဆောင်ရွက်သူတို့မှ ပြောပြချက်အရ သိရသည်။

Facebook, Messenger နှင့် Telegram တို့တွင် အကောင့်တုများ ပြုလုပ်ကာ NGO အဖွဲ့အစည်းများ၊ အစိုးရဘက်မှ ကူညီပေးသည့် အဖွဲ့အစည်းများ၊ နာမည်ကြီး အနုပညာရှင်နှင့် စေတနာ့ဝန်ထမ်းတို့၏ အမည်များကို အသုံးပြုကာ ဒေသခံပြည်သူတို့ထံမှ အလှူငွေများရယူရန် ကြိုးပမ်းနေသည်ဟု သိရသည်။

အဆိုပါ လိမ်လည်အလှူကောက်ခံနေသည့် မီဒီယာပလက်ဖောင်းအတုတို့သည်  “ငလျင်သင့်ဒေသများကို ကူညီကြပါ၊ အရေးပေါ်အကူအညီလိုအပ်နေသည်” ဆိုသော စာသားများဖြင့်သော်လည်းကောင်း၊ ငလျင်သင့်ဒေသတို့၏ ပုံများ၊ ဗီဒီယိုများကို အသုံးပြုနေသဖြင့် အမှား/အမှန် ခွဲခြားရန် ခက်ခဲနေကြောင်း ပရဟိတ အရေးကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

“အတုအစစ်ခွဲခြားရ ခက်တယ်။ အရေးအကြီးဆုံးက အယုံမလွယ်ဖို့ပဲ။ ယုံကြည်စိတ်ချရတဲ့ ကိုယ်နဲ့ ကိုယ်ပတ်ဝန်းကျင်က သိတဲ့၊ တကယ်အစစ်အမှန်ဆိုတာ အတည်ပြုနိုင်တဲ့နေရာတွေကိုပဲ ဆက်သွယ်လှူဒါန်းသင့်တယ်။ အစစ်အမှန်ဟုတ်မဟုတ် စူးစမ်းကြည့်ဖို့ လိုတယ်။ လွယ်လင့်တကူ မယုံဖို့၊ စိတ်ခံစားချက်ကို ဦးစားမပေးဖို့၊ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ကို အသုံးပြုဖို့၊ သတိရှိဖို့ လိုပါတယ်” ဟု ငလျင်ဘေး ကူညီကယ်ဆယ်ရေးတွင် ပါဝင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် Kpay, Wave Money, True Money ကဲ့သို့ Mobile Banking အကောင့်များသို့ တိုက်ရိုက်ငွေလွှဲရန် ဖိအားပေးတောင်ဆိုမှုများလည်း ပြုလုပ်နေကြကြောင်း ဆက်ပြောသည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာမှ လိမ်လည်မှုများကို အရေးယူထိန်းကြောင်းနိုင်ရန် ဒီဂျစ်တယ်အရေး လှုပ်ရှားနေသူတို့က လူမှုကွန်ရက်မီဒီယာတာဝန်ရှိသူတို့က ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒီဂျစ်တယ်အရေး လှုပ်ရှားနေသူတစ်ဦးက ပြောသည်။

“ညှိနှိုင်းနေတာ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အချိန်ယူပြီး လုပ်ဆောင်ရတာဖြစ်လို့ ချက်ခြင်းအကျိုး မပေါ်တတ်ပါဘူး။ ဒါကလည်း မလိုလားတဲ့ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စနစ်တကျလုပ်ဆောင်ရလို့ပါ။ နောက်တစ်ခုကတော့ အချင်းချင်းသတင်းပေးကူညီတာ၊ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းကို ရီပိုစ့်လုပ်တာတွေလည်း ကိုယ်တိုင်လုပ်နိုင်ပါတယ်” ဟု ဒီဂျစ်တယ်အရေးတွင် လှုပ်ရှားနေသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ငလျင်ဘေးကူညီကယ်ဆယ်မှု ပြုလုပ်နေသည့် မီဒီယာပလက်ဖောင်းအတုတို့ကို ရီပိုစ့်ပြုလုပ်သွားရန်နှင့် အချင်းချင်မျှဝေ သတိပေးကြရန်လည်း အထက်ပါသူက ဆက်ပြောသည်

ပြီးခဲ့သည် ၂၀၂၄ ခုနှစ်တွင်လည်း ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင် အစရှိသည့် ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ရေဘေးသင့်အကူအညီအကြောင်းပြပြီး  အွန်လိုင်း လိမ်လည်အလှူခံခြင်း များစွာရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေး၊ ပဲခူးအရှေ့ ဒေသများတွင် နေ့စဉ် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုဖြစ်ပွားနေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့မှလည်း ငွေကြေးအပြင် မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။

 စစ်ကောင်စီစာရင်းအရ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃၁၄၅ ဦးရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားပြီး မန္တလေးတိုင်းတွင် ၂၀၅၃ ဦးနှင့် ငလျင်ကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...